ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၈ နာရီအချိန် ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ သတင်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်ခံရသူဦးရေ ၇ ထောင်နီးပါးရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်ကူးစက် ကပ်ရောဂါကို မြန်မာနိုင်ငံမှာ မတ်လကစတင်ကာ တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၆၉၅၉ ဦးထိရှိနေပြီဖြစ်ကာ ပြန်လည်သက်သာပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ရသူအနေနဲ့ ၁၉၅၁ ဦးရှိပြီး သေဆုံးသူအနေနဲ့လည်း ၁၁၆ ဦးထိ ရှိနေပြီဖြစ်ပါတယ်။ ကိုဗစ်ပထမအကျော့မှာ ပြည်ပပြန်တွေထံကနေသာ ရောဂါကူးစက်မှုရှိခဲ့ပြီး ရောဂါကူးစက်ခံရသူက ၁၀၀ ဝန်းကျင်သာရှိခဲ့ကာ သေဆုံးသူအနေနဲ့လည်း အနည်းငယ်သာရှိခဲ့တာပါ။ ရခိုင်ပြည်နယ်ကနေ စတင်ခဲ့တဲ့ ဒုတိယအကျော့မှာတော့ ရောဂါပိုးကူးစက်ခံရသူက ထောင်ဂဏန်းအထိ ရှိလာသလို သေဆုံးသူကလည်း ၁၀၀ ကျော်ထိ ရှိလာနေပါတယ်။ ဒုတိယအကျော့ကူးစက်မှု အများဆုံးကတော့ ပြည်တွင်းကူးစက်မှုတွေပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မြန်မာတစ်နိုင်ငံလုံးမှာ ကိုဗစ်အကူးစက်မခံရတာဆိုလို့ ကယားပြည်နယ်တစ်ခုထဲသာ ကျန်ရှိပြီး ကျန်ပြည်နယ်နှင့် တိုင်းအားလုံးမှာ ရောဂါပိုးကူးစက်ခံထားရပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတင်းတွေအရ တစ်ရက်ထဲ ရောဂါကူးစက်မှု အများဆုံးက စက်တင်ဘာလ ၁၉ ရက်နေ့မှာ ရောဂါပိုးကူးစက်ခံရသူ ၆၄၁ ဦးထိ ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်တိုင်းကမြို့နယ်တွေနှင့် တခြားရောဂါကူးစက်မှုများတဲ့ မြို့နယ်တွေကို Stay at Home မြို့နယ်အဖြစ် ကြေငြာထားသလို ခရီးသည်တင်ကားလိုင်းတွေ၊ ရေယာဉ်လိုင်းတွေကိုလည်း ပိတ်ထားပါတယ်။
လွင်မင်း (မျက်မှောက်ခေတ်)