စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာနှင့် ရွှေဘိုမြို့တွင် Quarantine ဝင်နေသူနှစ်ဦးထံကနေ စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်းက ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID – 19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကသာမြို့ ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာက စက်တင်ဘာ ၁၅ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြိုနယ်ကနေ သီးသန့်ကားနဲ့ ရောက်ရှိခဲ့ပြီး အိမ်တွင်းမှု သင်တန်းကျောင်း Quarantine Canter မှာ ကန့်သတ်ထားကာ swab ယူပြီး မန္တလေးဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာမှာ စက်တင်ဘာ ၂၀ ရက်နေ့ ညပိုင်းက ရောဂါပိုးတွေ့ရှိကြောင်း ဓာတ်ခွဲအဖြေရရှိခဲ့တာပါ။
“ကသာခရိုင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို အလုပ်စဝင်မယ့် လက်ထောက်ကြီးကြပ်ရေးမှူး အမျိုးသမီးပါ။ သူတို့က သီးသန့်ကားနဲ့ ရန်ကုန်ကနေ ထွက်လာတာ ည ၈ ၄၅ မိနစ်အချိန်က ဒီကို ရောက်တယ်။ မြို့ဝင်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးပြီး သတ်မှတ်တဲ့ထားတဲ့ အိမ်တွင်းမှုသင်တန်းကျောင်း Quarantine Center ကိုပို့ထားတာ။ သူက ကသာသူ မဟုတ်ပါဘူး။ ရန်ကင်းကနေ လာတဲ့သူပါ။ သူရဲ့ကျန်းမာရေးက ကောင်းမွန်ပါတယ်။ သူနဲ့ထိတွေ့သူမရှိဘူး။ သူ့အဖေနဲ့ ကားဒါရိုက်ဘာပဲ လာပို့တာပါ။”လို့ ကသာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက ပြောပါတယ်။
ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိလူနာကို ကသာမြို့၊ ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင်ကို ပို့ဆောင်ထားရှိတယ်လို့ လည်း သိရပါတယ်။
ဒါ့အပြင် ရွှေဘိုမြို့နယ်က ပိုးတွေ့လူနာအသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးကလည်း ရန်ကုန်တိုင်းဒေသကြီးကနေ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ရွှေဘိုတက္ကသိုလ် Facility Quarantine Center မှာ ထားကာ စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းမှာ အာခေါင်တို့ပတ် နမူနာများရယူပြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန မန္တလေးကို ပို့ဆောင်စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID – 19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားပါတယ်။
ပိုးတွေ့လူနာကို ရွှေဘိုမြို့၊ သူနာပြုသင်တန်းကျောင်းရှိ ယာယီဆေးရုံကို ပြောင်းရွှေ့ကုသရန် ဆောင်ရွက်ထားပြီး အတည်ပြုလူနာနဲ့ ထိတွေ့ဆက်စပ်ခဲ့သူ မိသားစုဝင် ၆ ဦးကိုလည်း စက်တင်ဘာ ၂၀ ရက်နေ့ ညပိုင်းမှာ ရွှေဘိုတက္ကသိုလ်ရှိ Facility Quaratine Centerမှာ Quaratine ထားရှိ ဆောင်ရွက်ထားပါတယ်။ အတည်ပြုလူနာနဲ့ ရန်ကုန်က Light Truck မော်တော်ယာဉ်နဲ့အတူ လိုက်ပါခဲ့သူ ကံသာကုန်းကျေးရွာက အမျိုးသားတစ်ဦးအား ကံသာကုန်း-အလကမှာ Facility Quarantine Center မှာထားရှိပြီး ကျန်းမာရေးကောင်းမွန်တယ်လို့လည်း ဖော်ပြထားပါတယ်။
ယခုလက်ရှိစစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံထားရသူ ၁၆ ဦးအထိရှိပြီး ကလေးမြို့နယ်တွင် ၄ ဦး၊ မြင်းမူ၊ မော်လိုက်၊ မြောင်၊ အရာတော်၊ ဒီပဲယင်း၊ ကောလင်း၊ အင်းတော်၊ တန့်ဆည်၊ ဘုတလင်၊ ဟုမ္မလင်း၊ ရွှေဘိုနှင့် ကသာ စတဲ့မြို့နယ်တွေမှာ တစ်ဦးစီ ရောဂါပိုး ကူးစက်ခံထားရပါတယ်။ အရင်ကစစ်ကိုင်းတိုင်းတိုင်းဒေသကြီးမှာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ ၉ ဦးရှိခဲ့ပြီး ကလေးမြို့က ၆ ဦးနဲ့စစ်ကိုင်းမြို့က အိန္ဒိယပြန် ၃ ဦးတို့လည်း ရောဂါပိုး ကူးစက်ခံခဲ့ရပါသေးတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၁ ရက်နေ့ မနက် ၈ နာရီ ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့လူနာအသစ် ၂၆၄ ဦး၊ စုစုပေါင်းပိုးတွေ့သူ ၅၈၀၅ ဦး၊ ပျောက်ကင်းသူ ၁၂၆၀ ဦး၊ သေဆုံးသူ ၉၄ ဦး ထိရှိနေပြီဖြစ်ပါတယ်။
သူရိယထက်