Home > သတင်း > ဒေသတွင်းသတင်း > မြို့နယ်ရွေး/ကော်က ခွဲခြားဆက်ဆံလို့ ခရိုင်နဲ့ အထက်ကော်မရှင်အဆင့်ဆင့်ကို တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းက တိုင်ကြားထား

မြို့နယ်ရွေး/ကော်က ခွဲခြားဆက်ဆံလို့ ခရိုင်နဲ့ အထက်ကော်မရှင်အဆင့်ဆင့်ကို တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းက တိုင်ကြားထား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေနဲ့ ခွဲခြား ဆက်ဆံတာတွေ ရှိနေတဲ့အတွက် ခရိုင်ရွေး/ကော်အပါအဝင် အထက်ကော်မရှင် အဆင့်ဆင့်ကို တိုင်ကြားထားတယ်လို့ ချောင်းဦးမြို့နယ်က တစ်သီးပုဂ္ဂလ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦး၀င်းဆောင် ကပြောပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ချောင်းဦးမြို့နယ်ကနေ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦး၀င်းဆောင်ကို ချောင်းဦးမြို့နယ် ရွေး/ကော်အဖွဲ့ခွဲက အခုလ (၇) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ အသိပေး ရှင်းလင်းခြင်းအစည်းအဝေးကို ဖိတ်ကြားမလာတဲ့အတွက် တိုင်ကြားရတာဖြစ်တယ်လို့ သိရပါတယ်။

“ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမပြုလုပ်ခင်မှာ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲကနေ ကိုယ်စားလှယ်လောင်းတွေကို အထက်အဖွဲ့အစည်းအသီးသီးရဲ့ ညွှန်ကြားချက်တွေကို ဖတ်ပြကြတယ်။ အဲ့ဒီ အစည်းအဝေးပွဲမှာ ကျွန်တော့်ကို မဖိတ်ပါဘူး။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအနေနဲ့ ခွဲခြားဆက်ဆံတယ်လို့ ခံစားရလို့ တာ၀န်ရှိသူတွေကို လိုအပ်သလို အရေးယူပေးဖို့ ခရိုင်၊ တိုင်းနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကို (၁၄) ရက်နေ့က တိုင်လိုက်တာပါ။”လို့ တစ်သီးပုဂ္ဂလ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦး၀င်ဆောင် ကပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ချောင်းဦးမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ (၆) ခုရှိပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် (၂) ယောက်ရှိတယ်လို့ မြို့နယ် ရွေး/ကော်အဖွဲ့ခွဲက သိရပါတယ်။ စက်တင်ဘာ (၇) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာပါတီတွေကိုသာ အဓိကထားပြီး ဖိတ်ကြား မိလိုက်သလို ရုံးအသစ်ရွှေ့ပြောင်းနေရတာကြောင့် ဆက်သွယ်ရမယ့် လိပ်စာတွေရှာမတွေ့ဘဲ ဖိတ်ကြားဖို့ ကျန်ခဲ့တာဖြစ်တယ်လို့ ချောင်းဦးမြို့နယ် ရွေး/ကော်အဖွဲ့ခွဲ ဥက္ကဌ ဦးညိုညိုသန်း ကပြောပါတယ်။

“အဲ့ဒီနေ့က အစည်းအဝေးမှာ ပါတီတွေကိုအဓိက ဖိတ်လိုက်တာ။ ရုံးကလည်း ရုံးအဟောင်းကနေ အသစ်ပြောင်းနေတာဆိုတော့ ဆက်သွယ်ရမယ့် စာရွက်စာတမ်းတွေ ရှာဖို့ခက်နေတာ။ ဖိတ်ရတဲ့အချိန်ကလည်း (၁) နာရီဆိုတော့ ကျန်သွားတယ်။ သူ့ကိုလည်း တောင်းပန်ထားပါတယ်။ ကျွန်တော်တာ၀န်ယူပါတယ်လို့ ပြောလိုက်တယ်။”လို့ချောင်းဦးမြို့နယ် မြို့နယ် ရွေးကော်အဖွဲ့ခွဲ ဥက္ကဌ ဦးညိုညိုသန်း ကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တခြားမြို့နယ်တွေမှာ ချောင်းဦးမြို့နယ်လို ဖြစ်စဉ်မျိုး မရှိသေးပေမယ့်

လက်ရှိဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါကြောင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေမှာ ပါတီကြီးနဲ့ ယှဉ်ပြိုင်မဲဆွယ်ဖို့ အခက်အခဲ အကြပ်အတည်းတွေလည်း တွေ့ကြုံနေကြရပါတယ်။ ဒါကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုတာတွေလည်း ရှိနေပါတယ်။

error: Content is protected !!