မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး ရေလျှံတာတွေဖြစ်ပေါ်ခဲ့သလို တချို့နေရာတွမှာ မြေပြိုကျမှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့တာပါ။ မြေပြိုကျတဲ့နေရာတွေကိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပရဟိတအသင်းအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေကြပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူ မိုးကုတ် လူမှုကယ်ဆယ်ရေး အဖွဲ့ တာဝန်ခံ ဦးဟိန်းထက်မောင် က “ကိုးလံဘက်မှာ တောင်ပြိုတယ်။ လူနေအိမ်တစ်လုံး မြေပိလို့ အဲ့အိမ်ထဲရှိနေတဲ့ မိသားစု သုံးယောက် သေဆုံးသွားတယ်။ အဲ့ဒီ သေဆုံးသူ ရုပ်အလောင်းတွေကို ကယ်ဆယ်နိုင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။”လို့ ပြောပါတယ်။
မိုးကုတ်မြို့ ကိုးလံရပ်ကွက်မှာ တောင်ပြိုကျလို့ နေအိမ် တစ်လုံး မြေပိခဲ့ပြီး နေအိမ်မှာရှိနေတဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီး နှစ်ဦးတို့ သေဆုံးခဲ့တာပါ။ သေဆုံးသူတွေထဲမှာ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ မိုးသည်းထန်လို့ မိုးကုတ်မြို့ နေရာအနှံ့ အပြား ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ပြီး လမ်း တံတား ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ ကိုးလံ၊ ရွှေတိုင်၊ မင်းတံတားနှင့် ဘုရားသုံးဆူ နေရာတွေမှာ ထိခိုက်ပျက်စီးမှုတွေရှိပြီး ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေကာ အသေးစိပ်တော့ မသိရသေးပါဘူး။
မေဇင်မြင့် (မျက်မှောက်ခေတ်)