စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာဦးရပ်ကွက်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ရပ်ကွက်နေပြည်သူတွေရဲ့ သတင်းပေးချက်အရ ဖမ်းဆီးရမိခဲ့တဲ့ မိကျောင်းပေါက်တစ်ကောင်ကို ရွှေဘိုငါးလုပ်ငန်းစခန်ကို ပြောင်းရွှေ့ ထိန်းသိမ်းထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
ကန်သာဦးရပ်ကွက်၊ ရတနာလမ်းဘေးရှိ ရေမြောင်းမှာ မိချောင်း ၃ ကောင်တွေ့တယ်ဆိုတဲ့ သတင်းတွေအရ မုံရွာခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှုးဦးဆောင် ရှာဖွေခဲ့ရာကနေ ဖမ်းမိခဲ့တာပါ။
“မိကျောင်းကို ရွှေဘိုငါးလုပ်ငန်းစခန်းမှာ ထိန်းသိမ်းထားတယ်။ ထိန်းသိမ်းတဲ့အချိန်မှာ တိုင်းအစိုးရအဖွဲ့ထံတင်ပြမယ်။ ကျွန်တော်တို့ ညွှန်ချုပ်ရုံးကိုလဲတင်ပြမယ်။ ဒီမှာက ရုံးပဲရှိတယ်။ တကယ်ငါးလုပ်ငန်းစခန်းရှိတာက ရွှေဘိုနှင့် ရေဦးမှာပဲရှိတာ။ အဲဒါတာကြောင့် ဒီကောင်ကိုထိန်းလို့လွယ်တဲ့ ရွှေဘိုငါးလုပ်ငန်းစခန်းမှာပဲ ထားလိုက်တာပါ။”လို့ တိုင်းငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့မိကျောင်းပေါက်က အလျား ၂ ပေခန့်ရှိပါတယ်။
“တချို့ကလည်း တရားမဝင်မွေးပြီးတော့ စွန့်ပစ်တာလဲဖြစ်နိုင်တယ်။ တချို့ကလဲ တရုတ်ပြည်ကိုပို့ဖို့ မွေးတာလဲဖြစ်နိုင်တယ်။ အခုချိန်က ပို့မရတော့ တွေ့တဲ့နေရာ စွန့်ပစ်ခဲ့တာလည်းဖြစ်နိုင်တယ်။”လို့ လည်း ပြောဆိုတာတွေရှိပါတယ်။
နောက်ထပ် ကျန်သေးတယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း မုံရွာခရိုင်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်တွေနဲ့လူမှုကူညီရေးအဖွဲ့တို့ ပူးပေါင်းကာ ကျန်ရှိတဲ့မိကျောင်းတွေကို ဆက်လက်ရှာဖွေ ဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။
သူရိယထက်