Home > သတင်း > ကျန်းမာရေး > ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးအတွက် လိုအပ်ရင် ညဈေးတန်းတွေ ပိတ်မယ်လို့ စစ်ကိုင်းတိုင်းစည်ပင်ဝန်ကြီး ပြောကြား

ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးအတွက် လိုအပ်ရင် ညဈေးတန်းတွေ ပိတ်မယ်လို့ စစ်ကိုင်းတိုင်းစည်ပင်ဝန်ကြီး ပြောကြား

ကိုဗစ်ကပ်ရောဂါက စစ်ကိုင်းတိုင်းအတွင်းက မြင်းမူ၊ ကလေး စတဲ့မြို့တွေမှာပါ ထပ်မံတွေ့ရှိလာနေတာပါ။ ဒီအတွက် လိုအပ်ရင် ညဈေးတန်းတွေကို ပိတ်မယ်လို့ စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဝန်ကြီးက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ကာကွယ်တဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ညစျေးတန်းတွေကို လိုအပ်ရင် ပိတ်ဖို့ အစီအစဉ်ရှိပေမယ့် အခုလက်ရှိမှာတော့ မပိတ်သေးဘဲ ဆက်လက်ရောင်းချခွင့်ပြုထားတာ ဖြစ်ပါတယ်။

“ပြည်သူတွေ စနစ်တကျ Mask တပ်ဆင်ဖို့ လုပ်နေတယ်။ ဒါပြီး စျေးတွေမှာလည်း စနစ်တကျနဲ့ ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။ လိုအပ်ရင်တော့ ညစျေးတန်းတွေရော ပိတ်သွားမယ်။ အခုနေတော့ မပိတ်သေးပါဘူး။ ပိတ်ဖို့ကတော့ စျေးသူစျေးသားတွေရဲ့ အခြေအနေပေါ်မူတည်တယ်။ စျေးသူစျေးသားတွေ စီးပွားရေးကိစ္စလည်းရှိတော့ ကျွန်တော်တို့က ကိုဗစ်ရောဂါကာကွယ်ဖို့အတွက် စည်းကမ်းတွေကို ကြပ်မတ် ဆောင်ရွက်သွားဖို့ရှိပါတယ်။”လို့ စည်ပင်ဝန်ကြီး ဦးမြင့်ကြည်က ပြောပါတယ်။

အခုလက်ရှိ ညစျေးတန်းမှာ ရောင်းချသူတွေအနေနဲ့ တစ်ဆိုင်နဲ့တစ်ဆိုင် ၆ ပေအကွာရောင်းချရန်၊ ပါဆယ်စနစ်နဲ့ ရောင်းချရန်နှင့် Mask တပ်ဆင် အရောင်းအဝယ်ပြုလုပ်ရန် ဆောင်ရွက်ခိုင်းထားတယ်လို့ သိရပါတယ်။

အရင်ကလည်း ကိုဗစ်ရောဂါထိန်းချုပ် ကာကွယ်တဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ညစျေးတန်းတွေကို ပိတ်ထားခဲ့ပြီး မေလ ၁၈ ရက်နေ့မှစကာ ညစျေးတန်းတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန စည်ပင်သာယာရေးအဖွဲ့တို့ရဲ့ ညွှန်ကြားချက်အမိန့်တွေနဲ့အညီ ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့တာပါ။

လတ်တလောမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက စျေးတွေကို ညွှန်ကြားချက် လိုက်နာဖို့ ကြပ်မတ်နေပြီး ပိတ်ရန် အစီအစဉ်မရှိသေးဘူးလို့လည်း သိရပါတယ်။  “ပြည်သူတွေအနေနဲ့ကတော့ ပထမအကြိမ်ထက် ဒုတိယအကြိမ်က ရောဂါကူးစက်မှုက များနေပြီဆိုတာ သူတို့သိနေပြီ။ အဲဒါကြောင့် ကျွန်တော်တို့က တင်းတင်းကြပ်ကြပ်နဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်း ချသွားရင်တော့ ထိမ်းကွပ် ဖို့ရသွားတယ်။ အခုဆိုရင် အပြင်ထွက် သွားလာသူ နည်းသွားပါတယ်။ မလိုအပ်ဘဲအပြင်ထွက်သူနည်းသွားပြီ။”လို့ စည်ပင်ဝန်ကြီးကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ လတ်တလော မြင်းမူနှင့် ကလေးမြို့တို့မှာ ကိုဗစ်အတည်ပြုလူနာ ၂ ဦးရှိနေပါတယ်။

သူရိယထက်

error: Content is protected !!