Home > သတင်း > ကျန်းမာရေး > ကလေးမြို့တွင် ပထမဦးဆုံး COVID-19 အတည်ပြုလူနာတစ်ဦးတွေ့ရှိ

ကလေးမြို့တွင် ပထမဦးဆုံး COVID-19 အတည်ပြုလူနာတစ်ဦးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် COVID-19 အတည်ပြုလူနာတစ်ဦးတွေ့ရှိခဲ့တယ်လို့ စက်တင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ်သတင်းတွေမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ အတည်ပြုလူနာနဲ့ပတ်သက်ပြီး တိုင်းရင်းဆေးရုံကို ပို့ထားပြီး ကုသမှုပေးနေတယ်လို့ ကလေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုလ လေးရက်နေ့က ကလေးကိုရောက်ပါတယ်။ အဲဒီနေ့က ကားနဲ့ကလေးကိုပြန်လာပြီးတော့ ကလေးရောက်တော့ Quarantine Centerကို သွားခဲ့တယ်။ သူနဲ့ပက်သက်တဲ့ရာဇဝင်တွေ ဘာမှမသိရသေးဘူး။ အခုကတော့ Quarantine Center ကနေ တိုင်းရင်းဆေးရုံကို ရောက်သွားပြီ။ သူနဲ့ဆက်စပ်တဲ့သူတွေက ဘယ်သူတွေလည်းဆိုတာလည်း တိုင်းအစိုးရက အခုထိ မထုတ်ပြန်သေးတော့ ဘာမှမသိရသေးဘူး။ ပိုးတွေ့တဲ့လူနာက တရုတ်ပြည်ကနေ ပြန်လာခဲ့တယ်လို့ပဲသိရတယ်။”လို့ ကလေးမြို့ခံ ဦးကျော်သက်ဝင်းက ပြောပါတယ်။

လက်ရှိမှာ ရောဂါပိုးကူးစက်ခံရသူတွေ့ရှိထားတဲ့ ကလေးမြို့မှာ တိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေအပြင် လတ်တလော ဒေသန္တရအမိန့် ထုတ်ပြန်တာမျိုးလည်း မရှိသေးဘူးလို့ သိရပါတယ်။ ကလေးမြို့က မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပိုး စတင်တွေ့ရှိချိန်ကလည်း ပိုးတွေ့လူနာ ၆ ဦးထိ ရှိခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ ကယားပြည်နယ်ကလွဲလို့ အခြားတိုင်းနဲ့ပြည်နယ်တွေမှာ COVID-19 ကပ်ရောဂါ ကူးစက်မှုတွေဖြစ်ပေါ်နေတာပါ။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့စက်တင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19အတည်ပြုလူနာ ၁၂၀ ဦးအထိရှိခဲ့ပြီး အများဆုံးတွေ့ရှိခဲ့တဲ့ တိုင်းဒေသကြီးကတော့ ရန်ကုန်တိုင်းဒေသကြီးပဲဖြစ်ပါတယ်။

ဒါ့အ​​ပြင် မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂,၀၀၉) ဦးအထိရှိလာနေတယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ထပ်မံပါရှိခဲ့ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာတွေအနက် သေဆုံးသူပေါင်း (၁၄) ဦးအထိ ရှိနေပြီလည်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ အစောပိုင်းကာလက ပိုးတွေ့လူနာ ၉ ဦးရှိခဲ့ပြီး အားလုံးရောဂါပျောက်ကင်းသွားပြီဖြစ်ကာ အခုတွေ့ရှိတာက စစ်ကိုင်းတိုင်းရဲ့ ၁၀ ယောက်မြောက် လူနာလည်း ဖြစ်ပါတယ်။

error: Content is protected !!