Home > သတင်း > ကျန်းမာရေး > မုံရွာတွင် ကိုဗစ်ညွန်ကြားချက် မလိုက်နာတဲ့ KTV တစ်ခုကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီး

မုံရွာတွင် ကိုဗစ်ညွန်ကြားချက် မလိုက်နာတဲ့ KTV တစ်ခုကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီး

ဓာတ်ပုံ-မေဇင်မြင့်(မျက်မှောက်ခေတ်)

မုံရွာမြို့၊ ချင်းတွင်းတံတားအနီးရှိ သုံးထောင့်ချွန်းလမ်းဆုံအနီးရှိ KTV တစ်ခုကို ကိုဗစ်ကာကွယ်ရေးအမိန့်ညွှန်ကြားချက်တွေကို မလိုက်နာတဲ့အတွက် စက်တင်ဘာလ ၅ ရက်နေ့ ညနေက ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

“KTV ဖမ်းတာဟုတ်ပါတယ်။ အမှုရေးဖွင့်ဖို့ လုပ်နေတယ်။ ပစ္စည်းစာရင်း၊ လူစာရင်းတွေ စီစစ်နေဆဲမို့ အသေးစိပ်တော့ ပြောလို့မရသေးပါဘူး။” လို့ မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်က ပြောပါတယ်။ ကိုဗစ်နိုင်တီးကပ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေဖို့ ကာကွယ်ထိန်းချုပ်တဲ့ အနေနဲ့ KTV တွေ၊ အနှိပ်ခန်းတွေနှင့် ညကလပ်တွေ၊ ကစားကွင်းတွေ မဖွင့်ကြဖို့ ဒေသန္တရ အမိန့်တွေထုတ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ တားမြစ်ထားတာဖြစ်ပါတယ်။

“တားမြစ်မိန့်ကို ဖောက်ဖျက်ပြီး ဆိုင်တွေ ဖွင့်၊ မဖွင့်ကို အဖွဲ့စုံနဲ့ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ တားမြစ်မိန့်ကို လိုက်နာမှုမရှိတဲ့ ဆိုင်တွေကို ဖမ်းဆီးအရေးယူဖို့ တိုင်းရဲတပ်ဖွဲ့မှူးက လမ်းညွှန်ထားတယ်။ ရဲမှူးကြီးရဲ့ လမ်းညွှန်ချက်အရ ဆိုင်တွေကို စောင့်ကြပ် ဖမ်းဆီးတာဖြစ်တယ်။” လို့ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့်က ပြောပါတယ်။

အဲဒီအတွက် နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက ခိုးဖွင့်ကျော်ဇောသတင်းရှိတဲ့ KTV ဆိုင်တွေကိုဝင်ရောက် စစ်ဆေးခဲ့တာဖြစ်ပြီး သီးချင်းဆို အပန်းဖြေနေသူ အမျိုးသားနှစ်ဦး၊ ဆိုင်ဝန်ထမ်းအမျိုးသမီး လေးဦး၊ ဆိုင်လုပ်သား အမျိုးသားတစ်ဦးနှင့် ဆိုင်မန်နေဂျာ အမျိုးသား တစ်ဦး စုစုပေါင်း ၉ ဦးကို သက်သေတွေနဲ့တကွ ဖမ်းဆီးပြီး အမှုဖွင့်အရေးယူဆောင်ရွက်နေတာဖြစ်ပါတယ်။

 စစ်ကိုင်းတိုင်းဒေသကြီး ကာရာအိုကေ အပန်းဖြေ လုပ်ငန်းရှင်းများ အစည်းအရုံးရဲ့ စာရင်းတွေအရ မုံရွာမြို့ပေါ်မှာ ကာရာအိုကေ အပန်းဖြေ လုပ်ငန်းရှင် ၃၀ ကျော်ရှိပါတယ်။

မေဇင်မြင့် (မျက်မှောက်ခေတ်)

error: Content is protected !!