Home > သတင်း > တရားဉပဒေစိုးမိုးရေး > ခိုးဖွင့်နေတဲ့ ကေတီဗွီဆိုင်တွေကို သက်ဆိုင်ရာမြို့နယ်အလိုက် ပူးပေါင်းအဖွဲ့တွေက ရှောင်တခင် ဖမ်းဆီးတာတွေပြုလုပ်နေ

ခိုးဖွင့်နေတဲ့ ကေတီဗွီဆိုင်တွေကို သက်ဆိုင်ရာမြို့နယ်အလိုက် ပူးပေါင်းအဖွဲ့တွေက ရှောင်တခင် ဖမ်းဆီးတာတွေပြုလုပ်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ထဲမှာရှိတဲ့ ကေတီဗီဆိုင်တွေကို တိုင်းအစိုးရအဖွဲ့က မဖွင့်ဖို့ တားမြစ် ထားတဲ့ကြားက ဆိုင်တချို့ ခိုးဖွင့်နေတာကြောင့် ကမ္ဘာ့ကူးစက်မြန် ကိုဗစ်ကပ်ရောဂါ ကူးစက် ပြန့်ပွားလာမှာကို ရပ်ကွက်နေ ပြည်သူတွေက စိုးရိမ်နေကြပါတယ်။ ဒီအတွက် သက်ဆိုင်ရာကို တိုင်ကြားတာတွေရှိလို့ မြို့နယ်စီခန့်၊ နယ်မြေခံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ပူးပေါင်းကာ တိုင်ကြားခံရတဲ့ ကေတီဗွီတွေကို ရှောင်တခင်သွားရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

“ဆိုင်သုံးဆိုင်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးတာဖြစ်တယ်။ ကျန်တဲ့ဆိုင်တွေကိုလဲ ဆက်လက် စစ်ဆေးသွားမှာပါ။ တားမြစ်မိန့်ကို မလိုက်နာဘူးဆိုရင် ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” လို့ စစ်ဆေးရေးအဖွဲ့မှာ ပါဝင်တဲ့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မတ်လနောက်ဆုံးပတ်ကစလို့ မုံရွာမြို့ပေါ်မှာရှိတဲ့ ကေတီဗီဆိုင်တွေကို ပိတ်ထားဖို့ တိုင်းအစိုးရအဖွဲ့က ညွှန်းကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ ညွှန်ကြားချက်အရ မုံရွာမြို့ပေါ်က ကေတီဗီဆိုင် ၃၀ ကျော် ပိတ်ထား ခဲ့ရပြီး ဆိုင်လုပ်သားပေါင်း တစ်ထောင်ကျော်ဟာလဲ အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ ကေတီဗွီလုပ်ငန်းရှင်တစ်ဉီးက ပြောပါတယ်။

“ဆိုင်တွေပိတ်ထားရတာ ခြောက်လကျော်ပြီ။ ကေတီဗီဆိုင်တိုင်းမှာ ယစ်မျိုးအခွန်၊ စားသောက်ဆိုင် အခွန်၊ လုပ်ငန်းအမြတ်ခွန်၊ လျှပ်စစ်အခွန်၊ ကာရာအိုကေ လုပ်ငန်း အခွန် ဆိုပြီး အခွန် ငါးမျိုးပေးဆောင်ရ တယ်။ ဆိုင်တွေသာ ပိတ်တာ အခွန်တွေက မပိတ်ဘူး။ ဒဏ်မခံနိုင်တဲ့ ဆိုင်တွေကတော့ ခိုးဖွင့်တာမျိုး လုပ်ပြီး အခွန်ထမ်းနိုင်အောင် ကြိုးစားကြမှာပဲ။ သူတို့လဲ အပြစ်သွားပြောလို့မရဘူး။” လို့ စစ်ကိုင်းတိုင်းဒေသကြီး ကာရာအိုကေ အပန်းဖြေ လုပ်ငန်းရှင်များ အစည်းအရုံး ဥက္ကဌ ဦးအေးမင်းက ပြောပါတယ်။

မုံရွာမြို့ပေါ်က ကေတီဗီ ဆိုင်လုပ်သား အများစုဟာ နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဧရာဝတီတိုင်းဘက်က လာ ရောက်လုပ်ကိုင်သူ အများစုဖြစ်တယ်လို့လည်း သိရပါတယ်။ ကိုဗစ်ညွှန်ကြားချက် မလိုက်နာတဲ့ ကေတီဗွီဆိုင်တွေကိုတော့ သက်ဆိုင်ရာမြို့နယ်အလိုက် ရှာဖွေဖမ်းဆီး အမှုဖွင့် အရေးယူတာတွေ ပြုလုပ်နေပါတယ်။

error: Content is protected !!