Home > သတင်း > ကျန်းမာရေး > တီးတိန်မြို့ပြည်သူ့ဆေးရုံမှ ကိုဗစ်လူနာအမျိးသားနှစ်ဦး ရောဂါပျောက်ကင်းလို့ ဆေးရုံမှ ဆင်းခွင့်ရ

တီးတိန်မြို့ပြည်သူ့ဆေးရုံမှ ကိုဗစ်လူနာအမျိးသားနှစ်ဦး ရောဂါပျောက်ကင်းလို့ ဆေးရုံမှ ဆင်းခွင့်ရ

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ် ပိုးတွေ့လူနာ အမျိးသားနှစ်ဦးကို ရောဂါပျောက်ကင်းသွားလို့ စက်တင်ဘာလ ၅ ရက်နေ့က ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပါတယ်။ လူနာနှစ်ယောက်စလုံးမှာ နှစ်ကြိမ်ဆက်တိုက် Negative ပြတာကြောင့် ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်တာဖြစ်တယ်လို့ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မြင့်နိုင်က ပြောပါတယ်။

ကိုဗစ်ပိုးတွေ့လူနာ Case-345နှင့် Case-359 အမျိုးသားနှစ်ဦးရဲ့ Swab နမူနာတွေကို ပထမအကြိမ် စစ်ဆေးခဲ့ရာ Negative အဖြေထွက်ရှိခဲ့သလို ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၂ ရက်နေ့က ရန်ကုန်မြို့ဓာတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့ရာမှာလည်း ပိုးမတွေ့တော့ပဲ Negative အဖြေထွက်ရှိခဲ့တာပါ။

“သူတို့က Negative နှစ်ကြိမ်ဆက်ပြတော့ ဒီနေ့ပဲ ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်တယ်။ သူတို့ကို Facility Quarantine ၁၄ ရက်ဆက်ထားမယ်။ အဲဒီရက်ပိုင်းအတွင်းမှာ ကျန်းမာရေးကောင်း မကောင်းစောင့်ကြည့်မယ်။”လို့ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မြင့်နိုင်က ပြောပါတယ်။

လူနာနှစ်ဦးစလုံးက အိန္ဒိယနိုင်ငံကနေ ပြန်လာခဲ့တာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးချက်အရ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ကာ တွန်းဇံမြို့နယ်၊ ဟိုင်ကျင်းကျေးရွာနှင့် တီးတိန်မြို့၊ စကောလမ်းရပ်ကွက်​နေသူတို့ ဖြစ်ပါတယ်။

အခုလက်ရှိ တီးတိန်ဆေးရုံမှာတော့ ကိုဗစ်လူနာ ၂ ဦးရှိနေပြီး အဲဒီနှစ်ဦးမှာလည်း ကျန်းမာရေးအခြေအနေကောင်းမွန်ကာ Negative တစ်ကြိမ်ထွက်ရှိပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်တဲ့ စာရင်းတွေအရ  မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာ ၁၂၁၆ ဦးရှိပြီဖြစ်ကာ ရောဂါပျောက်ကင်းသူ ၃၆၀ ကျော်နှင့် သေဆုံးသူ ၇ ဦးရှိပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရောဂါပိုးတွေ့ရှိရတဲ့ မြို့နယ်အချို့ကိုတော့ အစိုးရက အသွားအလာတွေ ကန့်သတ်ထားပါတယ်။

သူရိယထက်

error: Content is protected !!