Home > သတင်း > ရွေးကောက်ပွဲ > စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တပ်နယ်အားလုံးမှာ တပ်တွင်းမဲရုံ မရှိဘူးလို့ တိုင်းရွေးကော်တာဝန်ရှိသူပြောကြား။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တပ်နယ်အားလုံးမှာ တပ်တွင်းမဲရုံ မရှိဘူးလို့ တိုင်းရွေးကော်တာဝန်ရှိသူပြောကြား။

နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တပ်ရင်းတပ်ဖွဲ့တည်ရှိရာ တပ်နယ်အားလုံးမှာ တပ်မတော်သားနှင့် မိသားစုဝင်တွေအတွက် သီးသန့်မဲရုံ (တပ်တွင်းမဲရုံ) တစ်ခုမှမရှိဘူးလို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှုးက ပြောပါတယ်။ ပထမအကြိမ်မဲစာရင်းထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်းမှာ မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေ ၄၁ သိန်း ၆ သောင်းကျော်ရှိပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေမှာ မဲရုံပေါင်း ၄၁၀၂ ရုံ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ တိုင်းဒေသကြီးအတွင်းက တပ်မတော်သားနှင့် အတူနေမိသားစုဝင်တွေအနေနဲ့ နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာတွေရှိ မဲရုံတွေကိုသွားရောက်ကာ မဲပေးရမှာဖြစ်ပြီး သီးသန့်မဲရုံဖွင့်မထားဘူးလို့ ပြောပါတယ်။

“တပ်ရင်းတပ်ဖွဲ့ဝင်တွေပဲ သီးသန့်မဲပေးရမယ့် မဲရုံလည်း မရှိပါဘူး။ စီစဉ်ပေးထားတာလည်း မရှိပါဘူး။ တပ်မတော်သားတွေနဲ့ အတူနေ မဲပေးရမယ့် မိသားစုဝင်တွေကလည်း တခြားမဲဆန္ဒရှင်ပြည်သူတွေလိုပဲ ရပ်ကျေးမဲရုံတွေမှာ မဲပေးကြရမှာဖြစ်ပါတယ်။”လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှုး ဦးအောင်မျိုးလွင်က ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းအတွင်း ရှမ်း၊ ချင်း တိုင်းရင်းသားရေးရာဝန်ကြီး နေရာတွေအပါအဝင် မဲဆန္ဒနယ်စုစုပေါင်း ၁၂၅ နေရာရှိပါတယ်။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၀ ကျော်အပြင် နိုင်ငံရေးပါတီပေါင်း ၁၇ ခုက ကိုယ်စားလှယ်လောင်း ၆၈၅ ဦး အမည်စာရင်း တင်သွင်းထားပါတယ်။ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် ညီညွတ်သောဒီမိုကရက်တစ်ပါတီတို့က တိုင်းအတွင်း မဲဆန္ဒနယ်အားလုံးမှာ နေရာလပ်မကျန် ဝင်ရောက်ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။

error: Content is protected !!