Home > သတင်း > မှုခင်း > ဘုန်းကြီးကျောင်းမှာ မူးယစ်ရမ်းကားဆဲဆိုသူတစ်ဦးကို တောထွက်ရဟန်းတစ်ပါးက ဓားနဲ့ထိုးသတ်မှုဖြစ်။

ဘုန်းကြီးကျောင်းမှာ မူးယစ်ရမ်းကားဆဲဆိုသူတစ်ဦးကို တောထွက်ရဟန်းတစ်ပါးက ဓားနဲ့ထိုးသတ်မှုဖြစ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ စေတီယပါလဘုန်းကြီးကျောင်းတွင် မူးယစ်ရမ်းကားဆဲဆိုသူတစ်ဦးကို ကျောင်းရှိ တောထွက်ရဟန်းတစ်ပါးက စိတ်မထိန်းနိုင်ဘဲ ဓားနဲ့ထိုးသတ်မှု ဩဂုတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ အသတ်ခံရသူက ရွှေမင်းဝံရပ်ကွက်နေ အသက် ၄၈ နှစ်အရွယ် မျိုးဝင်းဆိုသူ အမျိုးသားတစ်ဦးဖြစ်ပြီး အရက်မူးနေလို့ နေအိမ်ပြန်ရန် ပြောဆိုရာကနေ မပြန်ဘဲ ရမ်းကားဆဲဆိုနေတဲ့အတွက် တောထွက်ရဟန်းဖြစ်သူ ဦးဝေပုလ္လက နောက်ကျောကို တုတ်နဲ့ရိုက်ကာ ကျောင်းဝင်းထဲက ထွက်သွားဖို့ နှင်ထုတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရသိရပါတယ်။ ခဏအကြာမှာ အဆိုပါ အမျိုးသားက ဘုန်းကြီးကျောင်းကို ပြန်လည်ရောက်ရှိလာပြီး သူ့ကျောကို ရိုက်နှက်ခဲ့တဲ့ ရဟန်းကို ဆဲဆိုခဲ့လို့ ဦးဝေပုလ္လက ကုတင်ခြေရင်းမှာရှိတဲ့ အရိုးအသွား ၁ ပေကျော်တဲ့ ဓားဦးချွန်တစ်ချောင်းနဲ့ စိတ်မထိန်းနိုင်ဘဲ ရင်ဘတ်ကို ထိုးသွင်းခဲ့တာပါ။ ဓားဒဏ်ရာကြောင့် မျိုးဝင်းဆိုသူမှာ အခင်းဖြစ်ရာမှာပဲ သေဆုံးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တောထွက်ရဟန်းဖြစ်သူ ဦးဝေပုလ္လကို မြို့နယ်သံဃာ့နာယကရှေ့မှာ လူဝတ်လဲကာ စစ်ကိုင်းမြို့မရဲစခန်းက (ပ)၅၅၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုဖွင့် ဖမ်းဆီးကာ အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။

error: Content is protected !!