တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုူးကြီးမင်းအောင်လှိုင်ကနေ နိုင်ငံတော်ရဲ့ အာဏာကို ရယူခဲ့သလို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနှင့် ပြည်နယ်အားလုံးက အစိုးရအဖွဲ့တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေနှင့် လွှတ်တော်ကိုယ်စားလှယ်တွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းတွေမှာ ဖမ်းဆီးထိမ်းသိမ်းခဲ့တာပါ။ အဲဒီထဲမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်လည်း ဒေသခံတပ်ရင်းတပ်ဖွဲ့ရဲ့ ၂၄ နာရီကျော်ကြာ ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရတာပါ။ ဘယ်လိုပုံစံဖမ်းဆီးခံခဲ့ရတယ်။ ဘာတွေမေးတယ်ဆိုတာတွေနဲ့ပတ်သက်လို့ မျက်မှောက်ခေတ်က ဦးစိမ်းမောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
MMK News – ဟုတ်ကဲ့ ဦးစိမ်းမောင်ရေ ပြန်လည်လွတ်မြောက်လာပြီလို့ သိရတယ်။ ဘယ်မှာ ထိန်းသိမ်းခံခဲ့ရတယ်။ ဘယ်သူတွေပါဝင်တယ်ဆိုတာ အရင်ပြောပြပေးပါဦးဗျ။
ဦးစိမ်းမောင် – ကျွန်တော်တို့က ဗဟိုကင်းရဲ့ စစ်တပ်ရဲ့ အချုပ်ခန်းထဲမှာပါ။ ကျွန်တော်နဲ့က မြို့နယ်ပါတီက ၄ ယောက်ပါတယ်။
MMK News – ဟုတ်ကဲ့ ဘာတွေမေးတာတွေရှိလဲဗျ။
ဦးစိမ်းမောင် – မေးမြန်းတာတော့ သိပ်မရှိပါဘူး။ ကိုယ်ရေးရာဇဝင်အကျဉ်းလေးပဲမေးတယ်။ ဓာတ်ပုံရိုက်တယ်။ ဒီလောက်ပဲ။
MMK News – ဖမ်းဆီးစဉ်ကကော ဘာတွေပါသွားလဲဗျ။ ဘာတွေလုပ်တာရှိလဲ။
ဦးစိမ်းမောင် – ဆာလာအိတ် ၂ အိတ်လောက်ရှိတဲ့ ရုံးက စာရွက်စာတမ်းတွေ သိမ်းခဲ့တာရှိတယ်။ အဲဒါကို သူတို့စစ်ဆေးတယ်။ နောက်ဆုံးမှာ သူတို့ပြောပါတယ်။ ဘာမှ ချို့ယွင်းချက်မရှိပါဘူးတဲ့။ အဲလောက်ဆိုရင် မဲစာရင်းကွာဟမှုလည်း သိပ်မရှိပါဘူးပေါ့။ အဲလိုပဲပြောတယ်။ အကုန်လုံးထုတ်ပိုးပြီးမှ ပြန်ပေးတယ်။
MMK News – ဖမ်းဆီးစဉ်က ဘယ်လိုခေါ်ခံခဲ့ရလဲဗျ။
ဦးစိမ်းမောင် – သူတို့လာခေါ်တုန်းက ကားနဲ့လာခေါ်လိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ကို ဘာမှ မေးမြန်းတာမရှိဘဲနဲ့ အချုပ်ခန်းထဲ တစ်ခါထဲ ထည့်ထားတယ်။ ပြီးရင် မနေ့က ၁၀ နာရီလောက်မှာကျတော့ ကိုယ်ရေးရာဇဝင်အကျဉ်းလေးယူတယ်။ ပြီးရင် ဓာတ်ပုံက ကိုယ်လုံးပေါ်၊ တပိုင်းပုံ အဲလိုရိုက်တယ်။ ဒီလောက်ပဲ။ အဲဒါနဲ့ပြီးသွားတယ်။ တစ်နေကုန်၊ တစ်ညလုံး ဒီတိုင်းပဲနေလိုက်တယ်။
MMK News – အစားအသောက်ကကော ဘယ်လိုလဲဗျ။
ဦးစိမ်းမောင် – အစားအသောက်ကတော့ အချုပ်သားတွေစားတဲ့အစားအစာပေါ့။ ခွက်ကလေးနဲ့ကျွေးတယ်။
MMK News – ဟုတ်ကဲ့ နောက်တခုက နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ပဲပြောပြော၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ပဲပြောပြော၊ တိုင်းရင်းသားတစ်ယောက်အနေနဲ့ပဲပြောပြော ဒီမိုကရေစီလမ်းကြောင်းကိုသွားနေတဲ့အချိန်မှာ အရှိန်လေးရမယ်ကြံကာရှိသေးတယ် စစ်တပ်က အခုလို အာဏာသိမ်းလိုက်တဲ့အပေါ်မှာ ဘာတွေပြောချင်လဲ။ ဘာတွေဖြစ်လာနိုင်တယ်လို့ ခန့်မှန်းမိလဲဗျ။
ဦးစိမ်းမောင် – ကျွန်တော့်အနေနဲ့ကတော့ လတ်တလောအခြေအနေမှာ သုံးသပ်ချက်တွေပေးဖို့ အခက်အခဲရှိနေသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မူလခံယူချက်အရဆိုရင် ကျွန်တော်တို့က အခုမှ နိုင်ငံတော်က ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံကျကျ လုပ်ခါစပဲရှိသေးတာလေ။ အဲဒီအချိန်မှာ အခုလိုဖြစ်သွားတဲ့အခါကျတော့ လုပ်ငန်းတွေအကုန်လုံးကတော့ ကမောက်ကမဖြစ်သွားကုန်ပြီ။ အစဉ်လိုက်မကျတော့ဘူးလေ။ ဒီကြားထဲမှာ ခါးပြတ်သွားလို့ရှိရင် ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နောက်တဆင့် ပြန်ထိုးကျသွားနိုင်တယ်လို့ ကျွန်တော်ကတော့ ဒီလိုပဲမြင်တယ်။ အခုလက်ရှိ လတ်တလောအခြေအနေမှာတော့ ဒုန်းစိုင်းတော့ ပြောဖို့ နည်းနည်းခက်ပါတယ်။ ကျွန်တော်တို့အချိန်ယူပြီးတော့ အများကြီးစဉ်းစားရဦးမှာလေ။ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ဟာကိုပေါ့။ ဒီချိန်မှာ ဝုန်းဒိုင်းပြောဖို့ အဆင်မပြေဘူး။
MMK News – တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကကော ဘာတွေဖြစ်လာနိုင်မလဲ။
ဦးစိမ်းမောင် – ဒီအပိုင်းတွေက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနေအထားအရဆိုရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမျိုးတွေဆိုရင် အောင်မြင်ချင်လည်း အောင်မြင်မယ်။ မအောင်မြင်ချင်လည်း မအောင်မြင်ဘူး။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ဖို့ကတော့ တော်တော်ခက်ပါတယ်။ ခက်ခဲပါတယ်။
MMK News – ဘာတွေဆက်လုပ်သွားဖို့ရှိလဲ။
ဦးစိမ်းမောင် – လတ်တလောအခြေအနေမှာ ဘာလုပ်ရမယ်ဆိုတာ ဘာမှမစီစဉ်ရသေးဘူး။ ပြီးရင် တိုင်းနှင့် ဗဟိုက ဘာတွေညွှန်ကြားမလဲဆိုတဲ့ဟာအပေါ်မှာလည်း အခြေခံတာပေါ့။
MMK News – ဟုတ်ကဲ့ အခုလွတ်လာတာကကော ဘယ်လိုပုံစံမျိုးနဲ့ လွှတ်ပေးလိုက်တာလဲ။ လက်မှတ်ထိုးရတာတွေရှိလား။ ဘယ်လိုအနှောင်အဖွဲ့တွေရှိလဲ။
ဦးစိမ်းမောင် – သူတို့ကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၅ နာရီ ကျွန်တော်တို့ကို လာခေါ်တယ်။ ဘာမှမေးမြန်းခြင်းမရှိပါဘူး။ အချုပ်ခန်းထဲ ထည့်လိုက်တယ်ပေါ့။ ၁၀ နာရီလောက်ရောက်တဲ့အခါ ကျွန်တော်တို့ကို တစ်ယောက်ချင်းစီခေါ်ပြီးတော့မှ ကိုယ်ရေးအကျဉ်းမေးတယ်။ ဓာတ်ပုံတွေရိုက်တယ်။ ပြီးရင် အချုပ်ခန်းထဲ ပြန်သွင်းလိုက်တယ်။ တနေကုန်ဒီတိုင်းပေါ့လေ။ ညလည်း တစ်ညလုံးအချုပ်ခန်းထဲမှာပဲ အိပ်လိုက်ရတယ်။ အိပ်ပြီးတော့ ဒီမနက် ၈ နာရီမှာကျတော့ အချုပ်ခန်းထဲမှာ အဆင်မပြေဘူး။ အရာရှိရိပ်သာမှာ ပြောင်းပေးဖို့ဆိုပြီး အဲဒီရိပ်သာကို ရောက်သွားတယ်။ အဲဒီရောက်တော့ တပ်ရင်းမှူးနဲ့ စကားပြောနေရင်းမှာပဲ တပ်ရင်းမှူးက အခုပဲကြေးနန်းရောက်လာတယ်။ ဒီမှာလည်း နေစရာမလိုတော့ဘူး။ အိမ်ပြန်လို့ရပြီဆိုပြီး ဒီတိုင်းပြန်ခိုင်းတာ။ ဖြစ်နိုင်ရင်တော့ ဝေးဝေးလံလံခရီးမသွားနဲ့ဦး။ အဲလိုတော့ပြောတယ်။ ပြီးရင် အရမ်းအရေးကြီးလို့ သွားမယ်လာမယ်ဆိုရင်လည်းပဲ သူတို့ကို သတင်းပို့ထားဖို့ပေါ့။ အဲသလောက်တော့ ပြောထားပါတယ်။ လက်မှတ်ထိုးခိုင်းတာတော့ မရှိဘူး။ မနေ့က ကျွန်တော်တို့ဆီကနေ သိမ်းယူခဲ့တဲ့ ပစ္စည်းတွေ ဘယ်ဟာတွေပါတယ်ဆိုတာ မှန်ကန်ကြောင်း လက်မှတ်တစ်ချက်ထိုးခဲ့ရတယ်။ ပစ္စည်းကိစ္စအတွက်။ ကျန်တဲ့ဟာတော့ ဝန်ခံကတိဘာညာ ဘာမှ မရှိပါဘူး။
MMK News – အခုဖြစ်စဉ်အပေါ်မှာ ဘာများပြောချင်ပါသေးလဲဗျ။
ဦးစိမ်းမောင် – အခြေအနေပေါ်မူတည်ပြီးလုပ်ဆောင်တာတွေတော့ ကျွန်တော်တို့အနေနဲ့ ဘာမှ မပြောလိုပေမယ့် ကျွန်တော်တို့ကို အပြစ်မရှိတဲ့ လူတစ်ယောက်ကို ၂၄ နာရီကျော် ချုပ်နှောင်ခံလိုက်ရတာကျတော့ စိတ်မကောင်းဘူး။ မဖြစ်သင့်ဘူး။ လူ့အခွင့်အရေးနဲ့ကြည့်မယ်ဆိုလည်း အချုပ်ခန်းထဲ ချုပ်နှောင်ထားတာ ၂၄ နာရီကျော်သွားပြီ။ ပြီးတော့ ကျွန်တော်တို့ကကျတော့ သာမန်အရပ်သားတွေလေ။ စစ်တပ်ရဲ့ အချုပ်ခန်းထဲမှာ မထားသင့်ဘူးပေါ့။ အဲဒါတွေကျတော့ ကျွန်တော်တို့နဲ့ ဟန်ချက်တော့ မညီဘူး။ အဲဒီအတွက် စိတ်ထဲတော့ တမျိုးဖြစ်တယ်။ ဒါပေမယ့် တပ်သားတွေအားလုံးကတော့ ပြောဆိုဆက်ဆံရေးကတော့ ယဉ်ကျေးပါတယ်။ ကျွန်တော်တို့က နေရင်းထိုင်ရင်း ဘာမှမသိရဘဲနဲ့ အချုပ်သားသွားဖြစ်တာပေါ့။ အဲဒါကျတော့ အဆင်မပြေဘူးလို့ မြင်တာပေါ့။ ဒါပေမယ့် သူတို့လည်း တောင်းပန်ပါတယ်။ ကျွန်တော်တို့ မနေ့က တခြားမပြင်လိုက်ရဘဲ လောလောလတ်လတ်ဆိုတော့ ဒီထဲမှာပဲ ထည့်လိုက်ရတယ်ဆိုတာမျိုးတော့ ပြောပါတယ်။ ကျွန်တော်တို့ပြန်ခါနီးမှာလည်း သူတို့က တာဝန်အရမို့ပါ စိတ်ထဲမှာ ဘယ်လိုမှ သဘောမထားပါနဲ့ဆိုပြီး အဲလိုပြောခဲ့ပါသေးတယ်။
ဒါကတော့ လက်ရှိပြန်လည်လွတ်မြောက်လာသူတွေထဲက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ တခြားသူတွေကိုလည်း ဆက်သွယ်မေးမြန်းပြီး တင်ဆက်ပေးပါဦးမယ်။