Home > သတင်း > ကျန်းမာရေး > ရွေးကောက်ပွဲကုန်ကျစရိတ်မှာ ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းအတွက် ကုန်ကျစရိတ် ထည့်သွင်းဖို့ မလိုကြောင်း UEC ထုတ်ပြန်

ရွေးကောက်ပွဲကုန်ကျစရိတ်မှာ ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းအတွက် ကုန်ကျစရိတ် ထည့်သွင်းဖို့ မလိုကြောင်း UEC ထုတ်ပြန်

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် တစ်သီးပုဂ္ဂလကိုယ်လှယ်လောင်းတွေအပါအဝင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေကို စက်တင်ဘာလ ၈ ရက်နေ့ကနေ စတင်ကာ မဲဆွယ်စည်းရုံးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပြီးဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးရေးတွေကိုလည်း ကိုယ်စားလှယ်လောင်းတွေ၊ ဝန်းရံကြသူတွေက သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် စတင်နေကြပြီဖြစ်ပါတယ်။ အခုလို မဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်တဲ့ နေရာမှာ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက သတ်မှတ်ထားတဲ့ လူဦးရေအတိုင်းပြုလုပ်ပြီး မဲဆန္ဒရှင်တွေကို ပေးဝေတဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်း ကုန်ကျစရိတ်ကို ရွေးကောက်ပွဲကုန်ကျစရိတ်မှာ ထည့်သွင်းဖော်ပြဖို့ မလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ (၁၁) ရက်နေ့က ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာမှာ လူဦးရေ (၅၀) ထက်မပိုတဲ့ စုဝေးဟောပြောပွဲတွေမှာ ပေးဝေတဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်း အသုံးစရိတ်တွေအတွက်သာ ကုန်ကျစရိတ်စာရင်းမှာ ထည့်သွင်းဖော်ပြစရာ မလိုပေမယ့် တခြားနည်းလမ်းနဲ့ပေးဝေတဲ့ ကုန်ကျစရိတ်တွေကိုတော့ ရွေးကောက်ပွဲကုန်ကျစရိတ်မှာ ထည့်သွင်း တွက်ချက်ရမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးပြုလုပ်ရာမှာ တိုင်းဒေသကြီးနှင့်  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် ကျပ်သိန်း (၁၀၀) အသုံးပြုနိုင်ပြီး တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် ကျပ်သိန်း (၁၅၀) အထိ သုံးစွဲခွင့်ပြုထားတာဖြစ်ပါတယ်။

လက်ရှိမှာ ကိုဗစ်ကပ်ရောဂါကလည်း ဖြစ်ပွားသူဦးရေတိုးနေသလို နေရာဒေသတွေကလည်း အရင်ကထက် ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာနေတာပါ။ မဲဆွယ်စည်းရုံးကြတဲ့အခါ ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန် (SOP)၊ သက်ဆိုင်ရာက အချိန်ကာလ၊ နေရာဒေသအလိုက် ထုတ်ပြန်တဲ့ ဒေသန္တရအမိန့် စတာတွေကို လိုက်နာကြဖို့လည်း ညွှန်ကြားထားပါတယ်။

error: Content is protected !!