Home > သတင်း > ကျန်းမာရေး > ကိုဗစ်အတည်ပြုလူနာတစ်ဦး တည်းခိုခဲ့တဲ့ ရွှေဘိုမြို့က တည်းခိုခန်းနှင့် လက်ဖက်ရည်ဆိုင်တို့ကို ပိတ်ထားပြီး ထိတွေ့ခဲ့သူတွေကို Quarantine ထားစောင့်ကြည့်

ကိုဗစ်အတည်ပြုလူနာတစ်ဦး တည်းခိုခဲ့တဲ့ ရွှေဘိုမြို့က တည်းခိုခန်းနှင့် လက်ဖက်ရည်ဆိုင်တို့ကို ပိတ်ထားပြီး ထိတွေ့ခဲ့သူတွေကို Quarantine ထားစောင့်ကြည့်

ကိုဗစ်အတည်ပြုလူနာအမှတ် ၁၁၅၅ (Case 1155)ရဲ့ ခရီးသွားရာဇဝင်အရ သူတည်းခို သွားလာခဲ့ဖူးတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့က  ပြည်တော်သာ တိုက်ခန်း အိမ်ယာနှင့်  Santino လက်ဖက်ရည်ဆိုင်၊ ရွှေ တောင်ကြီး တည်းခိုခန်းတို့ကို စက်တင်ဘာလ ၅ ရက်နေ့ညကစလို့ ယာယီပိတ်ထားကာ အဲ့ဒီက ဝန်ထမ်းလုပ်သားတွေနှင့် လူနာနဲ့တွေ့ဆုံခဲ့သူတွေကို Quarantine ထားကာ စောင့်ကြည့်တာတွေ ပြုလုပ်နေပါတယ်။

“Case-1155 က နေပြည်တော်က အစိုးရ ဝန်ထမ်းတစ်ဦးဖြစ်တယ်။ ဩဂုတ်လ ၂၇ ရက်နေ့က ရုံးလုပ်ငန်း ကိစ္စနဲ့ မြစ်ကြီးနားကိုသွားဖို့ ရွှေဘိုကိုရောက်လာတယ်။ ရွှေဘိုမှာ သူရဲ့မိတ်ဆွေဖြစ်တဲ့ ပြည်တော်သာ အိမ်ယာ က ဇနီးမောင်နှံ ၂ ယောက်ကို ဖုန်းဆက်ခေါ်ပြီး Santino လက်ဖက်ရည်ဆိုင်မှာ အချိန်နာရီဝက်လောက် ထိတွေ့ခဲ့တယ်။ ဩဂုတ်လ ၃၀ ရက်နေ့မှာ လူနာဖြစ်သူက မြစ်ကြီးနားကနေ ပြန်လာပြီး ရွှေဘိုကို ပြန်ရောက်လာတယ်။ ပြီးတော့ ရွှေတောင်ကြီး တည်းခိုခန်းမှာ တည်းတယ်။ နောက်မနက်ကျတော့ ပြည်တော်သာ တိုက်ခန်းက ဇနီးမောင်းနှံနဲ့ Santino လက်ဖက်ရည်ဆိုင်မှာ ထပ်ပြီးတွေ့ဆုံခဲ့တယ်။ ဒါပြီးတော့ မကွေးတိုင်း မင်းဘူးမြို့ဘက်ကို ဆက်သွားတယ်။ နောက် နေပြည်တော်ကို ရောက်တော့ သူ့ကို Facility Quarantine ထားပြီး Swab ယူခဲ့တယ်။ မနေ့ကထွက်ရှိတဲ့ဓာတ်ခွဲအဖြေမှာ ကိုဗစ်ပိုးတွေ့ရှိရတဲ့သူ ဖြစ်နေတယ်။ အဲ့ဒါကြောင့် သူနဲ့ ထိတွေ့ခဲ့တဲ့သူတွေ၊ သွားခဲ့တဲ့ နေရာပတ်ဝန်းကျင်ကို မနေ့ညက စပြီး တားမြစ်တာ၊ Home Quarantine ထားတာတွေ လုပ်နေတယ်။ သူတို့ကိုလဲ ကူညီစောင့်ရှောက်ထားတယ်။”လို့ ရွှေဘိုခရိုင် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ဝင်းလဲ့လဲ့ထွေး ကပြောပါတယ်။

ကမ္ဘာ့ကူးစက်မြန် ကိုဗစ်ကပ်ရောဂါက မြန်မာနိုင်ငံမှာ တကျော့ပြန်ဝင်ရောက်လာတာ အချိန်တလကျော် ကြာပြီဖြစ်ပေမယ့် စစ်ကိုင်းတိုင်းအတွင်းက မြို့တွေမှာ ပိုးတွေ့လူနာ မရှိသေးပါဘူး။ လူနာအမှတ် Case 1155 ဖြတ်သန်းသွားလာခဲ့တဲ့အတွက် ရွှေဘိုမြို့မှာ ရောဂါကာကွယ် ထိန်းချုပ်ရေး အလုပ်တွေကို ညတွင်းချင်း အပူတပြင်း လုပ်နေတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းအရ ကိုဗစ်အတည်ပြုလူနာ ၁၃၁၉ ဦး၊ ပျောက်ကင်းသူ ၃၇၁ ဦးနှင့် သေဆုံးသူ ၈ ဦး ရှိပြီဖြစ်ပါတယ်။

မေဇင်မြင့် (မျက်မှောက်ခေတ်)

error: Content is protected !!