မအိ(NWN)
မုံရွာမြို့ဟာ ချင်းတွင်းမြစ်ကမ်းဘေးမှာရှိပြီး ရွှေစည်းခုံစေတီတော်၊ဆုတောင်းပြည့်ဗောဓိတထောင် ဘုရားကြီးတို့က မြို့ရဲ့ဂုဏ်ကျက်သရေကို ပိုမိုထည်ဝါစေခဲ့ပါတယ်။ ချင်းတွင်းမြစ်ရေပြင်နဲ့ ရှုခင်းတွေက မုံရွာမြို့ကို ဝန်းရံပုံဖော်ပေးထားကြတာပါ။
အာဏာသိမ်းပြီးနောက် မုံရွာမြို့ဟာ စစ်အာဏာရှင်ကို အပြင်းထန်ဆုံး ဆန့်ကျင်တဲ့ ဗဟိုချက်မတခု ဖြစ်လာခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြရာကနေ လက်နက်ကိုင်တော်လှန်ရေးအထိ အရှိန်အဟုန်မြှင့် တုံ့ပြန်ဖို့အတွက် သန္ဓေတည်ရာနေရာအဖြစ်
နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
အာဏာသိမ်းပြီး ငါးနှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ စစ်ရေးပဋိပက္ခတွေ၊ စီးပွားရေးကျပ်တည်းမှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေကြောင့် တိုင်းပြည်တခုလုံး ခံစားချက်၊ ခံနိုင်ရည်နဲ့ ဘဝတွေ တုန်လှုပ်ချောက်ချားသွားလောက်အောင်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်ခံလိုက်ရတာပါ။ အဲ့ဒီရိုက်ခတ်ချက်တွေကို မုံရွာဒေသခံတွေလည်း ခါးစည်းခံကြရပါတယ်။
မောင်နွေခ(အမည်လွဲ)က မုံရွာမြို့ပေါ်နေသူတယောက်ပါ။ မုံရွာအခြေစိုက် သတင်းသမားတဦးအနေနဲ့ ဒေသတွင်းသတင်းတွေကို ရေးသားဖော်ထုတ်နေတာဖြစ်ပါတယ်။
အခုတော့ မြို့ပေါ်မှာ နေလို့မရတော့တဲ့အခြေအနေတခုက သူ့ကိုတွန်းပို့လိုက်တဲ့အတွက် လွတ်မြောက်နယ်မြေတနေရာကို ရောက်နေသူလည်းဖြစ်ပါတယ်။
မုံရွာအကြောင်း ဘယ်နေရာကစပြောချင်လဲလို့ သူ့ကိုမေးကြည့်တော့ “ပြည်သူတွေကြောက်တာ စစ်တပ်ကပေါ်တာဆွဲတာဗျ၊ သင်္ကြန်အပြီးကာလမှာ ပိုပြီးဆိုးဆိုးရွားရွား ဖြစ်လာတာ”လို့ သူကပြောပါတယ်။
၂၀၂၆ ခုနှစ်သင်္ကြန်မတိုင်ခင်ကတည်းက ပေါ်တာဆွဲဖမ်းဆီးတာတွေရှိနေပြီး သင်္ကြန်ကာလအတွင်းမှာတော့ နည်းနည်းလျော့သွားခဲ့ပါတယ်။ ဇွန်လမှာတော့ ပိုပြီးဆိုရွားလာတဲ့ အခြေအနေမှာရှိနေတယ်လို့ သူကရှင်းပြပါတယ်။
ဇွန်လပထမပတ်ရဲ့ မနက်ခင်းတခုမှာ မောင်နွေခတယောက် စတားလင့်ခ်ဆက်သွယ်ရေးကွန်ရက်အကူအညီနဲ့ သတင်းတခုကို လိုက်လံစုံစမ်းနေပါတယ်။ သူစုံစမ်းနေတဲ့ သတင်းက ပေါ်တာဆွဲခံရတဲ့ လူငယ်လေးနှစ်ဦးရဲ့အကြောင်းဖြစ်ပါတယ်။
“ချမ်းမြဝတီရပ်ကွက်ထဲကအိမ်နှစ်အိမ်က ကလေးနှစ်ယောက်ကို စစ်ကားတွေနဲ့လာပြီး အိမ်ပေါ်ကနေ အတင်းဆွဲခေါ်သွားတာ။ ဒီကလေးတွေက ၁၉၊ ၂၀ ပဲရှိသေးတယ်။ ဘာပြစ်မှု၊ ဘာရာဇဝတ်မှုမျိုးကိုမှ ကျူးလွန်ထားတာမရှိဘူး။ ဒီအတိုင်းဝင်ဖမ်းသွားတာ”လို့ မောင်နွေခက သူလိုက်နေတဲ့သတင်းအကြောင်းအရာကို ပြောပြပါတယ်။
စစ်သားတွေဟာ ပြည်သူတွေကို လမ်းပေါ်မှာ စောင့်ဖမ်းတာ၊ ဂိတ်ချပြီး စစ်ဆေးမေးမြန်းတာတွေလုပ်ပြီး ဖမ်းတာ၊ အခုနောက်ပိုင်း လူတွေအိပ်ချိန်မျိုးမှာ နေအိမ်ပေါ်တက်ပြီး ဖမ်းဆီးတာတွေရှိနေတာလို့ သူလေ့လာမိတဲ့ ပေါ်တာဆွဲဖမ်းဆီးတာတွေကို ပြောပြပါတယ်။
အနီးအနားမှာ ကိုယ်လက်လှမ်းမှီလိုက်တဲ့ ပေါ်တာဆွဲဖမ်းဆီးမှုအခြေအနေအကြောင်း မေးကြည့်တော့ အခုလိုပြောပြပါတယ်။
“ကျနော့်မိသားစုဝင်ထဲမှာ၊ ကျနော့်အမျိုးသမီးရဲ့မိသားစုဝင်ထဲမှာပဲ ပေါ်တာဆွဲဖမ်းဆီးခံရသူ ဆယ်ယောက်ထက်မနည်းရှိနေတာ”လို့ ပြောပါတယ်။
ပေါ်တာဆွဲဖမ်းဆီးခံရတဲ့နောက်မှာ မိသားစုနဲ့ ပြန်အဆက်အသွယ်ရတဲ့သူတချို့လည်း ရှိနေပါတယ်။ တယောက်က စစ်တပ်နဲ့အတူ ရှေ့တန်းထွက်ရင်း ထွက်ပြေးလွတ်မြောက်ခဲ့သူ၊ နောက်တယောက်ကတော့ ကချင်ကိုပို့ခံလိုက်ရပြီး ရှေ့တန်းထွက်ဖို့ပြင်ဆင်နေချိန်မှာပဲ ထွက်ပြေးလွတ်မြောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။အဖမ်းခံရပြီးနောက် အချိန်မဆိုင်းဘဲ ငွေနဲ့ရွေးထုတ်ခဲ့ရတဲ့ မိသားစုဝင်တွေလဲ ရှိနေတယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတာတွေကြောင့် သားယောက်ျားလေးတွေကို မိဘကိုယ်တိုင် နောက်ကလိုက် ကာကွယ်နေရပြီး ဆွဲခံရမှာ စိတ်ပူနေရတယ်လို့ မုံရွာမြို့ပေါ်က မိခင်တဦးက ပြောပြပါတယ်။
“အိမ်က ကလေးတွေ အပြင်ထွက်ရင်ကို နောက်က လိုက်ရတယ်။ တို့လို အသက်ကြီးတဲ့လူပါရင် စိတ်ထဲ စိတ်ချရတယ်။ အခု မြို့ပေါ်မှာ ပေါ်တာတွေ ဆွဲလွန်းလို့ ကျောင်းမထားရဲတဲ့ လူတွေ အများကြီးပဲလေ။ စိတ်ပူရတာတော့ သူ့သား၊ ကိုယ့်သား ဘယ်သူ့သားဖြစ်ဖြစ် စိတ်ပူနေရတာ”လို့ မုံရွာမြို့ခံအမျိုးသမီးတဦးက လက်ရှိသူစိုးရိမ်နေရတဲ့အခြေအနေကို ပြောပြပါတယ်။
သူမရဲ့ အိမ်အနီးကို ပြောင်းရွေ့လာတဲ့ မိသားစုတစုလည်း ရှိပါတယ်။ အဲ့ဒီမိသားစုက စစ်ဘေးရှောင်လာကြသူတွေပါ။ ကျောင်းနေအရွယ် ၉ တန်းတယောက်၊၆ တန်းတယောက် ပါလာတာဖြစ်ပြီး အခုတော့ မြို့ပေါ်မှာ မထားရဲတော့လို့ အထက်ဘက် ပြန်သွားကြတယ်လို့ သူမကရှင်းပြပါတယ်။
“အခုက ယောက်ကျားလေးတွေဆို အိမ်တံခါးပိတ်နေရတဲ့အခြေအနေရှိလာတယ်။ ဈေးသွားတာပါအစ ဂရုစိုက်နေရတယ်။ တခုခုဆို အမျိုးသမီးတွေပဲ ထသွားထလာ သွားကြတာ၊ အဆိုးဆုံးကတော့ ညနေအပုပ်ချိန်တွေမှာ မြို့ပေါ်မှာ ယောက်ကျားလေးတွေ မထွက်ရဲတော့တာပဲ” လို့ နောက်ထပ် မုံရွာမြို့ခံအမျိုးသားတဦးက ရင်ဖွင့်ပြောပြပါတယ်။
စစ်ကိုင်းတိုင်းရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)အခြေစိုက်ရာ မုံရွာမြို့နယ်ဟာ ပြီးခဲ့တဲ့ တနှစ်တာအတွင်း နာကျင်ဖွယ်ရာ ဖြစ်ရပ်တွေနဲ့ ခါးစည်းခံခဲ့ရတဲ့ဖြစ်ရပ်တချို့ကို ပဉ္စမမဏ္ဍိုင်-ပြည်သူကူညီရေးအဖွဲ့(PMCSG)က မှတ်တမ်းတင်ခဲ့ပါတယ်။
PMCSG (ပဉ္စမမဏ္ဍိုင်)က စစ်တမ်းကောက်ယူခဲ့တဲ့ နယ်မြေတွေထဲမှာ မုံရွာမြို့ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမြင့်မားဆုံးနဲ့ ဖြစ်စဉ်အများဆုံး မြို့နယ်အဖြစ် ထိပ်ဆုံးက ပါနေပါတယ်။
PMCSG ရဲ့ ၂၀၂၅ ခုနှစ် မတ်လ ၁ရက်ကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ ကောက်ယူမှတ်တမ်းတင်ခဲ့တဲ့ စစ်တမ်းတွေအရ မုံရွာမြို့နယ်တခုတည်းမှာတင် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ဖြစ်စဉ်ပေါင်း ၂၂၇ ကြိမ် ရှိခဲ့ပါတယ်။
“အခုနောက်ပိုင်း မြို့လယ်မှာပေါ်တင်ကြီး ပေါ်တာဆွဲတာ။ မုံရွာမှာဆို ရွှေစည်းခုံဘုရားဆိုတာ မြို့လယ်လို့ပြောလို့ရတယ်။ အဲ့ဒီနေရာမှာ စက်ဘီးလေးနဲ့ ကလေးတယောက်ကို စစ်ကားတွေက ရှေ့မှာပိတ်ရပ်ပြီး ဆွဲတင်သွားတာ။ ပြောချင်တာက မြို့လယ်တွေ၊ မြို့စွန်တွေ မရှောင်တော့ဘူး”လို့ မောင်နွေခက မလုံခြုံတော့တဲ့ မြို့ပြအကြောင်းကို ပြောပြပါတယ်။
စစ်တပ်က တနေရာမှာစစ်ဆေးနေတာမျိုးဆို ကွေ့ရှောင်သွားဖို့အတွက် ဖြစ်နိုင်ပါသေးတယ်။ ဘယ်ကနေရောက်လာမှန်းမသိဘဲ အနောက်ကနေ ကပ်ပါလာပြီး ဆွဲခေါ်သွားမှာကို စိုးရိမ်နေကြရတာပါ။ ဒီထက်ပိုပြီး တင်းကြပ်လာတဲ့အခြေအနေက အိမ်ပေါ်တက်ပြီး ဖမ်းခေါ်သွားတာပါပဲလို့ သူကရှင်းပြပါတယ်။
PMCSG ရဲ့ အချက်အလက်တွေအရ ဖြစ်စဉ်အားလုံးထဲမှာ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီးပေါ်တာဆွဲ ဖမ်းဆီးမှုဟာ ၈၃ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ ဒီလို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့်ပဲ အရပ်သားပြည်သူ ၅၆၆ ဦးအထိ အဓမ္မဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲမှာ အမျိုးသမီး ၁၀ ဦးလည်း ပါဝင်နေပါတယ်။
အဆိုးရွားဆုံး ဖြစ်စဉ်တခုအနေနဲ့ကတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် တရက်တည်းမှာတင် စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ အမျိုးသား ၄၀ ဦးနဲ့ အမျိုးသမီး ၈ ဦးအထိ စံချိန်တင် ရှိခဲ့တယ်လို့ ဆိုထားပါတယ်။
“အဓိကဆိုးလာတာ စစ်မှုထမ်းဥပဒေပြဌာန်းလိုက်တဲ့နောက်ပိုင်း လူငယ်တွေ၊ လူငယ်တွေရဲ့ မိဘတွေ၊ မိသားစုဝင်တွေရဲ့ စိုးရိမ်စိတ်က ပေါ်တာဆွဲခံရမှာကိုပဲကြောက်တာ”လို့ မောင်နွေခကပြောပါတယ်။
မြို့နေလူထုရဲ့ စီးပွားရေးလုပ်ငန်းတွေကို ထင်ထင်ရှားရှား ထိခိုက်လာနေတယ်လို့လည်းဆိုပါတယ်။ အရင်က မုံရွာမြို့ကို နေ့ချင်းပြန် အလုပ်လာလုပ်ကြတဲ့ အသေးစား၊ အလတ်စား တပိုင်တနိုင်စီးပွားရေးလုပ်ငန်းတွေလည်း ရပ်တန့်သွားတာမျိုး ရှိနေတယ်လို့ ပြောပါတယ်။
“ပထမတချက်က ပေါ်တာဆွဲခံရမှာကို ကြောက်တာ၊ နောက်တချက်က လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ။ ဓားပြတိုက်ခံရမှာကိုကြောက်နေကြတာ”လို့ မောင်နွေခကပြောပါတယ်။
PMCSG (ပဉ္စမမဏ္ဍိုင်)ရဲ့ စစ်တမ်းမှာတော့ မြေပြင်မှာ ဓားပြတိုက်မှု ဖြစ်စဉ်ပေါင်းဟာ တနှစ်အတွင်း ၃၄ ကြိမ်အထိ ရှိခဲ့တာပါ။ စစ်တမ်းမှာ ကောက်ယူခဲ့တဲ့ အရေအတွက်အရ ပြည်သူတွေ ဆုံးရှုံးသွားခဲ့ရတဲ့ တန်ဖိုးဟာ ကာလပေါက်ဈေး ငွေကျပ် သိန်းပေါင်း ၅,၆၀၀ ကျော် (၅,၆၀၁,၄၀၀,၀၀၀ ကျပ်) အထိ ရှိခဲ့ပါတယ်။
ဖြစ်စဉ်တွေထဲကမှ ထင်ရှားတဲ့ ဖြစ်ရပ်တခုကတော့ ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ထဲမှာရှိတဲ့ မော်တော်ကားလုပ်ငန်းပိုင်ရှင်ရဲ့အိမ်ကို လက်နက်ကိုင်တချို့က ဝင်ရောက်စီးနင်းပြီး ဓားပြတိုက်ခဲ့ကြတဲ့ ဖြစ်စဥ်ဖြစ်ပါတယ်။
ဓားပြတိုက်သူတွေဟာ အိမ်ထဲက မိသားစုဝင် ၃ ဦးကို ဖမ်းဆီးဓားစာခံလုပ်ပြီး ငွေကျပ် သိန်းပေါင်း ၃,၀၀၀ ကျော် (၃,၁၀၀,၀၀၀,၀၀၀ ကျပ်) နဲ့ ဟွန်ဒိုင်း ဗင်အမျိုးအစား ကားတစီးကိုပါ လုယက်ယူဆောင်သွားခဲ့တာ ဖြစ်တယ်လို့ PMCSG (ပဉ္စမမဏ္ဍိုင်)ရဲ့ စစ်တမ်းမှာဖော်ပြထားပါတယ်။
“စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို မုံရွာမြို့ပေါ်နဲ့ ချောင်းဦးမြို့ပေါ် မုံရွာ-ချောင်းဦး လမ်းပိုင်းတွေမှာ အများဆုံး လုပ်ဆောင်နေတာကို သိရသလောက် စာရင်းကောက်ယူနိုင်ခဲ့ပေမဲ့၊ မကောက်ယူနိုင်လိုက်ဘဲ ကျန်ရစ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါသေးတယ်” လို့ PMCSG (ပဉ္စမမဏ္ဍိုင်)ရဲ့မုံရွာမြို့နယ်အပါအဝင် စစ်ကိုင်းခရိုင်အတွင်း စစ်တမ်းကောက်ယူခဲ့သူက မှတ်ချက်ပြုထားပါတယ်။
လုံခြုံရေး အခက်အခဲကြောင့် အတည်မပြုနိုင်လို့ စာရင်းထဲ မထည့်နိုင်ခဲ့တဲ့၊ ကျန်ရစ်နေခဲ့တဲ့ ဖြစ်စဉ်တွေလည်း မြောက်မြားစွာ ရှိနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
“နောက်ထပ် ပြည်သူ့စစ်တွေနဲ့ အင်အားထပ်ဖြည့်တယ်။ လူလှိုင်းစစ်ဆင်ရေးပေါ့။ ဒီလိုပေါ်တာဆွဲတာက သူတို့မှာ အကန့်အသတ်မထားဘူး။တောက်လျှောက်လုပ်နေတာ။ ဒါက လူငယ်မျိုးဆက်တွေအပေါ်မှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုပဲဖြစ်တယ်။ မျိုးဆက်ပြတ်တောက်အောင် လုပ်ဆောင်နေတာလို့မြင်တယ်။ သူတို့အာဏာတည်မြဲရေးအတွက် လူငယ်တွေရဲ့ အနာဂတ်ကို နင်းချေဖျက်ဆီးနေတာဖြစ်တယ်လို့ မြင်ပါတယ်”လို့ ၂၀၂၁ ခုနှစ်နောက်ပိုင်း လူ့အခွင့်အရေးသုတေသနစစ်တမ်းကောက်ယူနေတဲ့ မုံရွာဒေသခံတဦးက ပြောပါတယ်။
လက်ရှိဒေသအသီးသီးက စစ်ဆင်ရေးတွေမှာ စစ်တပ်က ပေါ်တာဆွဲခံရတဲ့ လူငယ်တွေကို အဓိကသုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ပေါ်တာဆွဲတာလည်း သူတို့ထိန်းချုပ်ထားတဲ့နေရာတိုင်းမှာ နေ့စဉ်လုပ်နေတာဖြစ်ပြီး ပေါ်တာဆွဲခံရတဲ့ လူငယ်အများစုက အချိန်တိုသင်တန်းတက်ပြီး ရှေ့တန်းသွားရပါတယ်။ အများစုက သေတာပါပဲ။ သေရင်လည်း သူတို့(စစ်တပ်)ကဂရုမစိုက်ဘူး”လို့ သူကထပ်မံဖြည့်စွက်ပြီး ပေါ်တာဆွဲခံရတဲ့အခြေအနေကို သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်ကြောက်လန့်နေကြရတာပါ။ အထူးသဖြင့် မုံရွာမြို့လိုမျိုး နေရာတွေမှာ တရားဥပဒေစိုးမိုးမှု လုံးဝမရှိတော့တဲ့အတွက် အခြေခံလူတန်းစားတွေရဲ့ ဘဝတွေဟာ အာဏာရှိသူတွေနဲ့ သူတို့ရဲ့အပေါင်းပါတွေရဲ့ အနိုင်ကျင့်မှုကို ခံနေကြရတာဖြစ်တယ်လို့ မုံရွာဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
“မုံရွာမှာ ကျမတို့အတွက် ဥပဒေဆိုတာ မရှိတော့ဘူး”လို့ မုံရွာဒေသခံအမျိုးသမီး ဒေါ်နွေခေတ်(အမည်လွှဲ)က ပြောပါတယ်။
ဒေါ်နွေခေတ်ဟာ ၂၀၂၁ ခုနှစ် မတ်လမှာ မုံရွာမြို့ကို စွန့်ခွာလာခဲ့ရသူဖြစ်ပါတယ်။ အမျိုးသားဖြစ်သူကို စစ်တပ်က ရရာနည်းနဲ့ ဖမ်းဆီးဖို့လုပ်ဆောင်နေတဲ့အကြောင်း သိရတဲ့အချိန်ကစပြီး မြို့ပေါ်မှာရှိတဲ့ မိသားစု အသိုက်အမြုံကနေ စွန့်ခွာလာခဲ့တာ ၂၀၂၆ ခုနှစ် ဇွန်လမှာဆို ရက်ပေါင်း ၁,၉၃၀ ရက်မက ရှ်ိလာပါပြီ။
“မိတ်ဆွေတယောက်ရဲ့ ဖြစ်စဉ်တခုရှိတယ်။ သူ့အိမ်ဝန်းက စာချုပ်စာတမ်း အချက်အလက်တွေ အကုန်အပြည့်အစုံ ရှိတယ်။ ဒါပေမဲ့ အိမ်မှာ လူမနေတဲ့အခါကျတော့ သူခိုးတွေက လဝကနဲ့ ပေါင်းပြီး စာချုပ်အစစ်လိုမျိုး အတုလုပ်ပြီး ရောင်းစားလိုက်တာ။ မုံရွာမှာ လူမနေတဲ့ ကွက်သစ်တွေဘက်မှာ အဲဒီလိုမျိုး လုပ်စားနေတာတွေ တော်တော်များတယ်” လို့ ဒေါ်နွေခေတ်က ပြောပြပါတယ်။
ဒေါ်နွေခေတ်ပြောလိုတဲ့ သူခိုးတွေဆိုတာ မုံရွာမြို့ပေါ်က စစ်တပ်ကို ကျောထောက်နောက်ခံ ပြုပေးကြတဲ့သူတွေကို ဆိုလိုတာဖြစ်တယ်လို့လည်း သူမက ရှင်းပြပါတယ်။
သူမကိုယ်တိုင်လည်း ဒီလို အတိုက်အခံမလုပ်နိုင်တဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရပါတယ်။ အိမ်မှာ နေလို့မရတော့လို့ ရှောင်နေရချိန် စစ်ရှောင်လာသူတယောက်က သူမရဲ့ အိမ်ဝန်းစာချုပ်ကိုယူပြီး ပေါင်နှံလိုက်တာကြောင့် ပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ရပါတယ်။
“ပြန်ရအောင် လုပ်ပေးမယ့်သူတွေ ရှိပါတယ်။ ဒါပေမဲ့ ကျမတို့အတွက်က အဒေါ်တွေရဲ့ လုံခြုံရေးက အဓိက ဖြစ်နေတာ။ အခုလက်ရှိ ကျမက လွတ်မြောက်နယ်မြေကို ရောက်နေပေမဲ့ မုံရွာမှာ ကျမအမျိုးသားကို အသေရရ၊ အရှင်ရရ လိုက်ပြီး သတင်းစုံစမ်းနေသူတွေ ရှိနေတယ်။ ကျမတို့ ပြန်လှုပ်ရှားလိုက်ရင် အဒေါ်တွေ ဒုက္ခရောက်မှာစိုးလို့ လက်လွှတ်လိုက်ရတာပါ။ ခေတ်စနစ်တွေသာ ကောင်းနေရင် ကျမအိမ်ဝန်းလေးလည်း မဆုံးရှုံးတော့ဘူးပေါ့” လို့ သူမက ဝမ်းနည်းစွာနဲ့ ပြောပြပါတယ်။
ဒေါ်နွေခေတ်ရဲ့ ဖြစ်စဉ်က မုံရွာမြို့မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ထင်ဟပ်နေပါတယ်။ ပြည်သူတွေဟာ သူတို့ရဲ့ ချွေးနည်းစာနဲ့ ရှာဖွေထားတဲ့ အိမ်လေးတလုံးတောင် မပိုင်ဆိုင်နိုင်တော့ဘဲ၊ တရားဥပဒေ အကာအကွယ်မဲ့စွာနဲ့ပဲ ကိုယ့်ပိုင်ဆိုင်မှုကို ကိုယ်တိုင် စွန့်လွှတ်လိုက်ရတဲ့အထိ ဖြစ်နေရတဲ့ ဘဝတွေကို ဖော်ပြနေပါတယ်။
မုံရွာမြို့ရဲ့ လမ်းမတွေပေါ်မှာ ဘယ်အချိန်၊ ဘယ်နေရာမှာ ပေါ်တာဆွဲခံရမလဲဆိုပြီး စိုးရိမ်နေရသလို၊ ကိုယ့်အိမ်ထဲမှာတင်လည်း ကိုယ့်ပိုင်ဆိုင်မှုတွေ အလုယက်ခံရမလားဆိုပြီး ကြောက်နေရတဲ့အခြေအနေတွေ ရှိနေတာလို့ ဆိုပါတယ်။
မုံရွာမြိုပေါ်က ပရဟိတအဖွဲ့တွေကလည်း အရင်ကလို လူမှုကူညီရေးအလုပ်တွေ လုပ်ပေးဖို့အတွက် အကန့်အသတ်တွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
“အရင်က မြို့ပေါ်ပရဟိတအဖွဲ့မှာ အလုပ်လုပ်ခဲ့တယ်။ အခုတော့ တခြားအလုပ်ပြောင်းလုပ်လိုက်တယ်။ သူတို့(စစ်တပ်)နဲ့မပတ်သက်ချင်တော့လို့ ဆက်မလုပ်ဖြစ်တော့တာ”လို့ အရင်က ပရဟိတအဖွဲ့တခုမှာ အလုပ်လုပ်ခဲ့ဖူးသူတဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ်မတိုင်ခင်ကတည်းက အဲ့ဒီပရဟိတအဖွဲ့မှာ လုပ်ကိုင်လာတာဖြစ်ပါတယ်။ လက်ရှိမှာတော့ လူမှုကူညီရေးပရဟိတအဖွဲ့မှာ အလုပ်မလုပ်တော့ဘဲ တခြားလုပ်ငန်းခွင့်တခုကို ပြောင်းရွှေ့လုပ်ကိုင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“တခုခုဖြစ်ရင် သူတို့(စစ်တပ်) လမ်းကြောင်းပေးမှ သွားရတာ။ အရင်လို လုပ်ရကိုင်ရမလွယ်တော့ဘူးဗျ။ မြို့ပေါ်မှာက စစ်တပ် ထိန်းချုပ်ထားတာဆိုတော့ လူမှုကူညီရေးလုပ်ငန်းတွေ အရင်ကလောက် ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ကြတာမျိုးတွေရှိနေတယ်” လို့အညာဒေသရဲ့ လွတ်မြောက်နယ်မြေတနေရာရောက်နေတဲ့ စစ်ကိုင်းဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
မုံရွာမှာ ဥပဒေဆိုတာ စာရွက်ပေါ်မှာပဲ ရှိပြီး၊ လက်တွေ့မှာတော့ မတရား အနိုင်ကျင့်မှုတွေကပဲ တမြို့လုံးကို လွှမ်းမိုးထားတဲ့ ခါးသီးတဲ့ အမှန်တရား ဖြစ်နေတယ်လို့ မုံရွာဒေသခံတဦးက ရင်ဖွင့်ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့က မုံရွာမြို့မှာ နှင်းဆီပန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း စစ်တပ်က တင်းတင်းကျပ်ကျပ် ဖိနှိပ်တာမျိုးတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
အထူးသဖြင့် နန္ဒဝန်ရပ်ကွက်၊ အာဇာနည်လမ်းမပေါ်မှာဆိုရင် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတယောက် သူ့အိမ်ရှေ့နတ်စင်မှာ နှင်းဆီပန်းထိုးနေတာကို စစ်တပ်က တွေ့သွားပြီး ရိုက်နှက်ဖမ်းဆီးသွားခဲ့ပါတယ်။ ဒါတင်မကသေးဘူး၊ မြို့ထဲက ဘုရားပန်းအိုးတွေ၊ နတ်အိုးတွေမှာ နှင်းဆီပန်း ထိုးလှူထားတာတွေ့ရင် အကုန်လုံးကို ရိုက်ခွဲပစ်တာတွေ လုပ်ခဲ့ပါသေးတယ်။
အဲဒီနေ့က နှင်းဆီပန်းကြောင့်တင် မဟုတ်ဘဲ အကြောင်းမဲ့ ဖမ်းဆီးခံရသူ (၁၀) ဦးထက်မနည်းရှိသလို၊ မြို့ထဲမှာ ပေါ်တာတွေပါ ဆွဲနေလို့ ဒေသခံတွေ အရမ်းကို စိုးရိမ်နေကြရတဲ့အကြောင်း မောင်နွေခက သူဖော်ထုတ်ရေးသားခဲ့တဲ့ သတင်းတခုကို ပြောပြပါတယ်။
မောင်နွေခတယောက် လွတ်မြောက်နယ် မြေတနေရာကနေ မုံရွာအကြောင်း နေ့စဉ်နားစွင့်နေရတယ်လို့ ဆိုပါတယ်။”မုံရွာ ၂၄ နာရီ” ဆိုတဲ့စကားကို ပြောဆိုဖူးကြသူတွေရှိပါတယ်။ မုံရွာကို “မအိပ်တဲ့မြို့”လို့ ရှေးကတည်းက တင်စားကြတယ်လို့ ဆိုပါတယ်။
ချင်းတွင်းမြစ်ကမ်းနားမှာ တည်ရှိတဲ့အတွက် စက်လှေ၊ သင်္ဘောတွေ ညဉ့်မပြတ် ဆိုက်ကပ်ရာ၊ ကုန်သွယ်ရာ မြို့ဖြစ်တာကြောင့် ဈေးသည်တွေ၊ ခရီးသွားတွေနဲ့ စည်ကားနေတတ်ပါတယ်။ “မုံရွာမှာ ညလယ်စာစားဖို့ မခက်ဘူး” ဆိုတဲ့ စကားက မြို့ရဲ့ စည်ကားမှုကို ရည်ညွှန်းတာဖြစ်ပါတယ်။
အခုတော့ အခြေအနေတွေကပြောင်းပြန်ဖြစ်နေတယ်လို့ မောင်နွေခကပြောပါတယ်။ “မုံရွာကို လုံခြုံတဲ့မြို့အဖြစ် ရှိစေချင်တယ်။ လုံခြုံတဲ့မြို့တမြို့အဖြစ်နဲ့ မြင်ရဖို့ မျှော်လင့်မိတယ်”လို့ သူ့ဆန္ဒကိုပြောပြပါတယ်။
အခုတော့ သူဟာ လွတ်မြောက်နယ်မြေတနေရာကနေ သတင်းတွေကို ရေးသားဖော်ထုတ်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ “ကိုယ့်လုံခြုံရေးကို ထည့်တွက်ပြီး စစ်တပ်ဘက်က ကျူးလွန်တဲ့အကြောင်းအရာပဲဖြစ်ဖြစ်၊ ကာကွယ်ရေးဘက်က ကျူးလွန်တဲ့အကြောင်းအရာတွေအပြင် ပြည်သူလူထုရဲ့ ထိခိုက်ခံစားနေရတာတွေကို သတင်းသမားတယောက်အနေနဲ့ ဖော်ထုတ်ရေးသားနေဦးမှာပါ”လို့ မောင်နွေခက ပြောပါတယ်။ ။






