ချင်းပြည်တောင်ပိုင်းမှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြာင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေကြရတဲ့ ကလေး ၁ ဦး၊ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
ချင်းတောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျောက်တောင်ကျေးရွာအနီး၊ တောင်ယာတဲကို ဇွန် ၂၁ ရက်နေ့၊ ညသန်းခေါင် ၁၁ နာရီခွဲမှာ စစ်တပ်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် တောင်ယာတဲမှာ စစ်ဘေးရှောင်နေကြတဲ့ အမျိုသမီး ၁ ဦးနှင့် သူ့ရဲ့၂နှစ်အရွယ်ကလေး ၁ ဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ဒရုန်းဗုံးသီးကြောင့် ဒေသခံစစ်ဘေးရှောင် ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး ထိခိုက်မှုအခြေအနေ အသေးစိတ်ကို သိရှိရခြင်း မရှိသေးပါ။
ဇွန် ၁၉ ရက်နေ့၊ ညသန်းကောင်အချိန်မှာလည်း အာဏာသိမ်းစစ်တပ်ဟာ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးရွာဟောင်းနားမှာ စစ်ဘေးရှောင်နေကြတဲ့ အရပ်သားတွေ နေထိုင်တဲ့နေရာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် အုပ်ချုပ်ရေးက ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်က မေလလယ်ပိုင်းကစ ယောဒေသတောင်ပိုင်းကနေ ချင်းပြည်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။
အာဏာသိမ်းစစ်တပ်က ချင်းတောင်ပိုင်းကို ထိုးစစ်မဆင်ခင် မေလဆန်းပိုင်းကစ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး မြေပြင်တိုက်ပွဲ အထိနာတဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်လာတယ်လို့ လေကြာင်းအန္တရာယ်စောင့်ကြည့်ပေးနေတဲ့ ချင်းပြည်နယ်စပ်က အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ကနေ ဇွန် ၂၁ ရက်နေ့အထိ သုံးရက်တာအတွင်း ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ၊ Y 12 လေယာဉ်တွေနဲ့ ဗုံးအလုံး ၁၆၀ ကျော်ကြဲချခဲ့တယ်လို့ ဒေသတွင်းသတင်း ဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့သည့် မေလအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်က အရပ်သား ၁၄ ဦးသေဆုံးခဲ့ပြီး သေဆုံးသူတွေထဲက ၆ ဦးဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်တယ်လို့ Women for Justice က ထုတ်ပြန်ပါတယ်။
မေလအတွင်း ချင်းပြည်နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၇၁ လုံး၊ ဘုရားကျောင်း ၂ ကျောင်း၊ အစိုးရအဆောင်အဦ ၁၁ ခု ပျက်စီးခဲ့ရတယ်လို့ Women for Justice ရဲ့ ထုတ်ပြန်ချက်အရ သိရပြီး ပျက်စီးခဲ့ရတဲ့ အဆောက်အဦအများစုဟာ ချင်းပြည်နယ်တောင်းပိုင်းက ဖြစ်တယ်ဆိုတာကို သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
Photo – ပုံဟောင်း






