ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့ကို အာအဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးမှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ ချင်းပြည်နယ်လေကြောင်း စောင့်ကကြည့် သူတစ်ဦးက မျက်မှောက်ခေတ်ကို ပြောပါတယ်။
“ချင်းပြည်နယ်ကို ဗုံးကြဲတိုက်တာမှာ ဖလမ်းမြို့တုန်းကလည်း မြို့ပေါ်ကို မင်းတပ်လောက်ကြီးမကြဲဘူးဗျ။ မင်းတပ်ကိုက မြို့ပေါ်ကို ဗုံးတွေကြဲချပြီး မြို့ကို ဖျက်ဆီးနေတယ်ဆိုတာ သိသာလာတယ်” သူက ပြောပါတယ်။
ချင်းတောင်ပိုင်းမှာ မေလလယ်ကစ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး’ အထိနာနေတဲ့ စစ်တပ်ဟာ မင်းတပ်မြို့ပေါ်နှင့် မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။
ဒီကနေ့ ဇွန် ၁၂ ရက်နေ့ မနက် ၆ နာရီမှာ စစ်တပ်က ဂျက်ဖိုက်တာ တစ်စီးနဲ့ မင်းတပ်မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦတွေ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ဇွန် ၁၀ ရက်နေ့ ကလည်း မနက်ပိုင်းမှာ ဂျက်ဖိုက်တာနှစ်စီး၊ ညနေပိုင်းမှာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ မင်းတပ်မြို့ပေါ်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဇွန် ၇ ရက်နေ့၊ နံနက် ၁ နာရီဝန်းကျင်မှာ စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ မင်းတပ်မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် ပြည်သူ့နေအိမ် ၁၀ လုံးကျော်ပျက်စီးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မင်းတပ်မြို့ပေါ်က နေအိမ်၊ အဆောက်အဦတွေ များစွာ ပျက်စီးခဲ့ရပြီး အရေအတွက် အတိအကျကို သိရှိရခြင်းမရှိသေးပါ။
ချင်းတောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုတွေများနေတာ ကြောင့် စစ်တပ်က မင်းတပ်မြို့ပေါ်ကို ဗုံးတေွ ကြဲချနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
“သူတို့က စစ်ကြောင်းခံရပြီဆို ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတယ်။ မင်းတပ်မြို့နယ်ထဲက ထင်ချောင်းရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်။ မင်းတပ်ကို မတိုးနိုင်တော့ ကောင်းကင်နေ ဗုံးချဖျက်ဆီးတယ်” လို့ ချင်းနယ်စပ် ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်မြို့ပေါ်ကိုသာမက မင်းတပ်မြို့နယ်ထဲတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်နေတာကို သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ စစ်တပ်က ဇွန်လ ပထမတစ်ပတ်အတွင်းမှာတင် မင်း တပ်မြို့နယ် ထဲကို လေကြာင်းတိုက်ခိုက်မှု အကြိမ်သုံးဆယ်ကျော် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။






