Home > သတင်း > ပြည်တွင်း > ဂန့်ဂေါမြို့ထဲကို လမ်းမှားဝင်ရောက်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တစ်ဦး ဖမ်းဆီးခံရ

ဂန့်ဂေါမြို့ထဲကို လမ်းမှားဝင်ရောက်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တစ်ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့ကို မတ်လ ၂၉ ရက်နေ့၊ နေ့လယ်ပိုင်းက တော်လှန်ရေးရဲဘော် လူငယ်နှစ်ဦး လမ်းမှားဝင်ရောက်ခဲ့ပြီး တစ်ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“အုတ်လှရွာဘက်ကနေ လမ်းလွဲပြီး မြို့ထဲအဝင်ကိုရောက်သွားတာ။ ဆိုင်ကယ်စီးတာတွေကလည်းမြန်တယ်။ ရှေ့က ရဲဘော်ဖမ်းမိသွားတာ”လို့ ဂန့်ဂေါမြို့အနောက်ဘက် ဒေသခံအမျိုးသားတစ်ဦးက မျက်မှောက်ခေတ်ကို ပြောပါတယ်။

ဆိုင်ကယ်စီးလာတဲ့ရဲဘော်နှစ်ဦးဟာ ဂန့်ဂေါမြို့ကို ကွင်းတဲ့လမ်းကိုမလိုက်ဘဲ ဂန့်ဂေါမြို့အဝင် ဒေသအခေါ် We Love တံတား( မြစ်သာမြစ်တံတားကနေ ) ကနေ ဂန့်ဂေါမြို့ထဲကို ဝင်မိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

“ရဲဘော်တစ်ယောက်ရောဖမ်းမိတဲ့အပြင် သေနတ်နှစ်လက်နဲ့ ကျည်တွေလည်း အဖမ်းခံရတဲ့ထဲပါသွားတယ်” လို့ ဂန့်ဂေါမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မြို့ထဲကို ရဲဘော်နှစ်ဦးဝင်ရောက်မိရာမှာ တစ်ဦးက ထွက်ပြေးလွှတ် မြောက်လာခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ကဆိုပါတယ်။

ဂန့်ဂေါအနောက်ဘက်ကနေ မြို့ထဲကိုဝင်မိရာမှာ လမ်းနဲ့ မြေအနေအထားအရ ထွက်ပြေးလွတ်မြောက်နိုင်ခြေရှိတဲ့နေရာမို့ လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်တပ်က မြို့ကို ရုတ်ရက်ပိတ်ဆို့ပြီး ဖမ်းမိဖို့ကြိုးစားခဲ့တဲ့ကြားက အဆိုပါရဲဘော်ဟာ လွတ်မြောက်လာခဲ့တာလို့လည်း ဂန့်ဂေါဒေသခံတွေဆီက သိရပါတယ်။

“တော်လှန်ရေးကာလလည်း ငါးနှစ်တောင်ကြာခဲ့ပြီ။ ဘယ်လိုတွေမှားသွားတယ်ဆိုတာ မစဥ်းစားတတ်တော့ဘူး။ သတိထားသင့်တယ်။ မဆုံးရှုံးသင့်ဘူး” လို့ ယောဒေသ တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ရဲဘော်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ရဲဘော်ဟာ ယောဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ရဲဘော်ဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေရဲ့ ပြောဆိုမှုအရ သိရပြီး ဘယ်တပ်ရင်း၊ တပ်ဖွဲ့ကဆိုတာကို မျက်မှောက်ခေတ်က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

Photo – Social Media

error: Content is protected !!