စစ်ကိုင်းတိုင်း၊ ကလေးဒေသ၊ ကဘော်ဒေသ၊ မကွေးတိုင်း ကဘော်ဒေသနှင့် ချင်းပြည်နယ်ဒေသတွေမှာ စစ်ရေးလှုပ်ရှားနေတဲ့ Chinland Defence Force ( CDF- KKG) က တောလှန်ရေးမှာ လူငယ်တွေပူးပေါင်းပါဝင်ကြဖို့ မတ်လ ၂၉ ရက်နေ့မှာ တိုက်တွန်း ထုတ်ပြန်ပါတယ်။
CDF – KKG ဟာ မတ် ၁၁ ရက်နေ့ကနေ မတ် ၁၃ ရက်နေ့အထိ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံကျင်းပခဲ့ပြီးနောက် တော်လှန်ရေးနဲ့ပတ်သက်တဲ့ တပ်ဖွဲ့ရဲ့ သဘောထားတွေကို အခုလို ထုတ်ပြန်ခဲ့တာပါ။
“လူငယ်တွေ၊ အသက်ပြည့်ပြီးသားလူငယ်တွေအကုန်လုံး တော်လှန်ရေးမှာပါဝင်ဖို့ ဖိတ်ခေါ်ထားတာပဲရှိပါတယ်။ ဒီလိုခေါ်ရတဲ့ဟာလည်း အတင်းခေါ်တာမျိုး အရှိသေးပါဘူး။ အဓိကပြောချင်တာကတော့ ဝိုင်းဝန်းပြီးတော့ တော်လှန်ရေးစိတ်ဓာတ်ရှိရှိနဲ့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ရင် တောျလှနျရေး မြန်မြန်ပြီးနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ CDF – KKG ဥက္ကဋ္ဌ Salai Za Bawi Thawng က မျက်မှောက်ခေတ်ကို ပြောပါတယ်။
CDF – KKG ဟာ စစ်ရေးကို ဦးစားပေးဖော်ဆောင်တဲ့ အဖွဲ့အစည်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကြံသာစခန်းသိမ်းတိုက်ပွဲကို ဦးဆောင်ခဲ့သလို ကလေး၊ ဂန့်ဂေါ စစ်ဆင်ရေးတွေမှာ ပါဝင်တယ်လို့ ဒေသခံတော်လှန်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
တော်လှန်ရေးငါးနှစ်တာ ကာလအတွင်း CDF – KKG က ရဲဘော် ၉၂ ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူပေါင်း ၂၀၀ ကျော်ရှိတယ်လို့ CDF – KKG က ထုတ်ပြန်ပါတယ်။
“ကျနော်တို့ စစ်တိုက်တာများလို့ ဖြစ်တာပေါ့။ ကျနော်တို့က ကလေး – ကဘော် – ဂန့်ဂေါ မှာတင်ပဲ စစ်တိုက်တာမဟုတ်ဘဲနဲ့ တောင်ပေါ်စစ်ဆင်ရေးတွေမှာလည်း ကျနော်တို့ပါတဲ့အတွက်ကြောင့် တိုက်တာများလို့ ကျဆုံးထိခိုက်တွေရှိတယ်” လို့ CDF – KKG ဥက္ကဌ က ပြောပါတယ်။
CDF – KKG ဟာ CNA အပါအဝင် မဟာမိတ်တွေ နဲ့တွဲဖက်ပြီး စခန်းသိမ်းတိုက်ပွဲတွေ၊ ချင်းပြည်နယ်စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့တာကို သတင်းအချက်အလက်တွေအရ သိရပါတယ်။ စစ်ဘောင်ကျယ်လာတာနဲ့အမျှ CDF – KKG ဟာ ရဲဘော်တွေကျဆုံးမှု၊ ထိခိုက်မှု များလာတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
“ကျဆုံးရဲဘော်တွေရဲ့မိသားစုတွေကိုတော့ သွားကြည့်ပေးတာမျိုးရှိတယ်။ ငွေနည်းနည်းလေးတော့ ထောက်ပံပေးတာရှိတယ်။ ဒဏ်ရာရ ရဲဘော်တွေကိုတော့ အကုန်တာဝန်ယူပေးပါတယ်” လို့ CDF – KKG ဥက္ကဌက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေကို ဆေးကုသပေးမှုဆိုင်ရာမှာ အဆင့်ဆင့်ကုသပေးမှုတွေကို ကြိုးစားလုပ်ဆောင်ပေးတယ်လို့ ရဲဘော်မိသားစုဝင် အချို့ဆီကနေ သိရပါတယ်။
“ဆေးကုတာကတော့ သူတို့ တတ်နိုင် (ကုနိုင်)တဲ့နေရာအထိ အဆင့်ဆင့် ဆောင်ရွက်ပေးကြပါတယ်။ လချီကြာပါတယ်” လို့ ထိခိုက်ဒဏ်ရာရ CDF – KKG ရဲဘော်တစ်ဦးရဲ့ မိခင်က ပြောပါတယ်။
CDF – KKG မှာ တပ်ရင်း ခုနစ်ရင်းရှိပြီး တပ်ရင်းက ကိုယ်စားလှယ်တွေ၊ ရပ်ရွာလူထုကိုယ်စားပြုကိုယ်စားလှယ်တွေနဲ့ ဗဟိုကော်မတီဝင်အပါအဝင် တက်ရောက်သူ တစ်ရာကျော်ပါဝင်တဲ့ တပ်ဖွဲ့ ဒုတိယညီလာခံကို ကျင်းပပြီး လူငယ်တွေတော်လှန်းရေးမှာ ပါဝင်ကြဖို့၊ တော်လှန်ရေးအင်အားစုတွေ စည်းလုံးညီညွတ်စွာ ဘုံရန်သူကို တိုက်ခိုက်ကြဖို့နှင့် မိမိတို့အဖွဲ့အစည်းအနေနဲ့ ဘုံရည်မှန်းချက်တူတဲ့ ဘယ်အင်အားစုနဲ့မဆို လက်တွဲဆောင်ရွက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Photo – CDF – KKG






