ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်တပ်က အရပ်သားသုံးဦးကို သတ်ဖြတ်ပြီး အလောင်းဘေး သေနတ်ချ၊ ဓာတ်ပုံရိုက်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအဖြစ် ဝါဒဖြန့်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ်လ ၂၃ ရက်နေ့က ဟားခါးမြို့မှာနေထိုင်တဲ့ ဦးထောင်လှေမန်း၊ ဦးထောင်သင်ထန်းနဲ့ ဦးထောင်ဗန်မန်းတို့ဟာ ဟားခါးမြို့ နည်းပညာတက္ကသိုလ်အနီး၊ စစ်တပ်ရဲ့ လွတ်တော်ဥက္ကဌ ဦးကောလ်လျန်ထန်းရဲ့ အိမ်ဘေးမှာ စစ်တပ်က ဖမ်းဆီးသွားပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အသတ်ခံရသူတွေဟာ အသက်သုံးဆယ်ဝန်းကျင်အရွယ်တွေဖြစ်ပြီး မြို့ထဲကနေ မြို့ပြင်ကိုအထွက်မှာ အခုလိုဖြစ်သွားတာလို့လည်း သိရပါတယ်။
မတ်လ ၂၄ ရက်နေ့မှာတော့ စစ်တပ်လော်ဘီ Fifty Two တယ်လီဂရမ်ကနေ သူတို့ဦးလုံးရဲဲ့ အလောင်းပုံတွေတက်လာခဲ့ပြီး သေဆုံးပြီး ငါးရက်မြောက်နေ့ မတ်လ ၂၈ ရက်နေ့မှာမှ မိသားစုထံ သူတို့သေဆုံးကြောင်း အကြောင်းကြားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
တကယ်တော့ သေဆုံးသူတွေဟာ အရပ်သားတွေဖြစ်ပြီး စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအဖြစ် လိမ်လည်ဝါဒဖြန့်တာသာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့က မြို့သစ်ရပ်ကွက်မှာ မိသားစုနဲ့နေကြတာ။ အရပ်သားတွေပါ။ တစ်ယောက်က ကလေးသုံးယောက်အဖေ၊ တစ်ယောက်က ကလေး နှစ်ယောက်၊ နောက်တစ်ယောက်ကတော့ ကလေးတစ်ယောက်အဖေပါ”လို့ ဟားခါးဒေသခံ တစ်ဦးက မျက်မှောက်ခေတ်ကို ပြောပါတယ်။
အရပ်သားပြည်သူသုံးဦးကို စစ်ဆေးမေးမြန်းမှုမလုပ်ဘဲ သတ်ဖြတ်တာ၊ အလောင်းဘေး လက်နက်ထားပြီး အ ကွက်ဆင်ဓာတ်ပုံရိုက်ကာ လက်နက်ကိုင်ဆောင်သူတွေအဖြစ် ဆိုရှယ်မီဒီယာအပေါ် တင်ခဲ့တာနဲ့ပတ်သက်ပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့ CDF – Hakha အနေနဲ့ ပြင်းထန်စွာရှုတ်ချတယ်လို့ ဒီကနေ့ မတ် ၂၉ မှာ CDF – Hakha က ထုတ်ပြန်ပါတယ်။
“အရပ်သားမှန်းသိသိနဲ့ ကျူးလွန်တယ်လို့ မြင်တယ်။ စစ်တိုက်တဲ့သူတွေအချင်းချင်း ဖမ်းတဲ့အခါမှာတောင် အဲ့လိုသတ်ဖြတ်တာတွေကို မလုပ်ဘူး။ စစ်ဥပဒေနဲ့အညီ စစ်သုံ့ပန်းအနေနဲ့ထားပြီးတော့ ဆောင်ရွက်တာဖြစ်တယ်” လို့ CDF – Hakha ရဲ့ အတွင်းရေးမှူးက မျက်မှောက်ခေတ်ကို ပြောပါတယ်။
သတ်ဖြတ်ခံရတဲ့ ဟားခါးမြို့က အရပ်သားသုံးဦးဟာ အဖမ်းခံရစဥ် လေသေနတ်မှာ တပ်ဆင်တဲ့ စကုတ်တစ်လုံးပါရှိတယ်လို့သိရပြီး သူတို့ကို ရိုက်နက်ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ သတ်ဖြတ်တာလို့ ဒေသခံတွေဆီက သိရပါတယ်။
အပြစ်မဲ့ ပြည်သူလူထုအပေါ် လူမဆန်တဲ့ လုပ်ရပ်တွေကို လုံးဝရှုံချပြီး ကျူးလွန်သူတွေက တာဝန်ယူရမယ်လို့ CDF – Hakha က ထုတ်ပြန်ပါတယ်။
Photo – စစ်လော်ဘီချယ်နယ်က ဝါဒဖြန့်ထားတဲ့ ပုံများ။






