Home > သတင်း > ဒေသတွင်းသတင်း > ကလေးမြို့နယ်မှာ လူထုတွေ့ဆုံပွဲပြုလုပ်ပြီး မြေပြင်အခြေအနေတွေကို ဆွေးနွေး

ကလေးမြို့နယ်မှာ လူထုတွေ့ဆုံပွဲပြုလုပ်ပြီး မြေပြင်အခြေအနေတွေကို ဆွေးနွေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် လူထုတွေ့ဆုံပွဲကို မတ်လ ၂၃ ရက်နေ့က ကလေးဒေသအနီးဝန်းကျင်မှာ ကျင်းပခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရပ်ကျေးအဆင့် ဦးဆောင်သူတွေ၊ ပ.အ.ဖ အဖွဲ့ဝင်တွေအပါအဝင် ဒေသခံလူထုတွေဆုံပွဲကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ-KPSSC က ဦးဆောင်ပြီး ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ပြည်သူလူထုအနေနဲ့တော့ အပြောင်းအလဲကို စိတ်ဝင်စားတာကတော့ တော်လှန်ရေးအပေါ်မှာ အရွေ့ ဖြစ်လာမယ့်၊ လက်တွေ့ကျလာမယ့်၊ ဗဟိုချုပ်ကိုင်မှုကနေတဆင့် လက်တွေ့ဆန်တဲ့ လုပ်ငန်းစဥ်တွေကို ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာကို စိတ်ဝင်စားမှုမြင့်တက်နေတယ်။ ဖက်ဒရယ်ယူနစ်အစိုးရအပေါ်ကိုလည်း ကလေးမြို့တော်လှန်ပြည်သူလူထုတရပ်လုံးအနေနဲ့လည်း စောင့်ကြည့်နေတယ်” လို့ လူထုတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒေသခံ လူငယ်တစ်ဦးက မျက်မှောက်ခေတ်ကို ပြောပါတယ်။
လူထုတွေ့ဆုံပွဲမှာ လက်ရှိကာလ ရင်ဆိုင်နေရတဲ့ အုပ်ချုပ်ရေးအခြေအနေတွေ နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် အပြောင်းအလဲတွေကို အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ကလေးဒေသကို အာဏာသိမ်းစစ်တပ်က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းကစ စစ်ကြောင်းထိုးခဲ့တာကြောင့် ဒေသတွင်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ကလေးမြို့နယ်တောင်ပိုင်းက ပြည်သူတွေဟာ လက်ရှိအချိန်ထိ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒီလိုခက်ခဲနေတဲ့အချိန်မှာ လူထုတွေ့ဆုံပွဲ ကျင်းပနိုင်ခဲ့တာက တော်လှန်ရေးအတွက် အားတစ်ခုဖြစ်ရကြောင်း ကလေးဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
လူထုတွေ့ဆုံပွဲကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေနဲ့ ပြည်သူ့အားကိုအခြေခံကာ ကိုယ်ထူကိုယ်ထ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ လူထုတိုက်ပွဲကော်မတီက မတ် ၂၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီဟာ ၂၀၂၁ ခုနှစ်ကတည်းက ကလေးဒေသမှာ တော်လှန်ရေးနှင့် လူထုအသိပညာပေး လုပ်ငန်းစဥ်တွေအပါအဝင် ဒေသအရေးတွေကို တက်ကြွစွာ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံအညွှန်း- ကလေးမြို့နယ် လူထုတွေ့ဆုံပွဲပြုလုပ်နေးဉ်။(Photo – ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ)

error: Content is protected !!