စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မတ်လ ၁၉ရက်ညနေပိုင်းက အလုပ်ပြန် လူငယ် ၃၀ကျော် ကိုစစ်တပ်က ပေါ်တာဆွဲဖမ်းစီးသွားတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
အာဏာသိမ်းစစ်တပ်က အိမ်စီးကား ၄စီးနဲ့အတူ ဖမ်းဆီးရမိသူတွေကို သယ်ဆောင်ဖို့ အတွက် ဒိုင်နာကားတစ်စီးပါ၀င်ပြီး မုံရွာမြို့ပေါ် ရပ်ကွက်အစုံ၊နေရာစုံကို လှည့်လည်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဖမ်းတာကတော့ နေရာအစုံပဲ၊ အလုပ်ပြန်ချိန်အလုပ်သမားတွေ စောင့်ပြီးဖမ်းတာ၊ကားပေါ်ပါသွားတာ မြင်လိုက်တာတော့ လူ ၃၀ကျော်လောက် ရှိမှာ”လို့ မြို့ခံသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။
မုံရွာမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်ဖွဲ့၀င်တွေက အိမ်စီးကားတွေအသုံးပြုပြီး ပတ်ကင်းလှည့်သလို ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း နေ့စဉ်ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
အလုပ်သမားအများစု သွား၊လာလေ့ရှိတဲ့ စက်မှုဇုန်ရကွက်၊ချင်းတွင်းမြစ်ကမ်းနားလမ်းနဲ့ပြည်ထောင်စုလမ်း၊သာစည်လမ်း၊ဆည်မြောင်းလမ်းစတဲ့နေရာတွေကနေလည်း စောင့်ပြီးဖမ်းစီးလေ့ရှိတယ်လို့ သိရပါတယ်။
“စောင့်ပြီးဖမ်းတာလည်းရှိတယ်၊ တခါတလေဆို ဆိုင်ကယ်နောက်ကနေ ကပ်လိုက်လာပြီးမှဆိုင်ကယ်ရပ်ခိုင်းပြီး ခေါ်တင်သွားတာလည်းရှိတယ်၊ဆိုင်ကယ်ကိုကြ နီးတဲ့ အိမ် ပစ်ထားခဲ့တာ”လို့ မုံရွာမြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။
မုံရွာမြို့ပေါ်မှာ လစဉ် လူငယ် ၁၀၀ ကျော်၀န်းကျင် ပေါ်တာဆွဲဖမ်းဆီးခံရလေ့ရှိပြီး အများစုကို ရှမ်းပြည်တောင်ပိုင်းရှိ စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်တာဖြစ်တယ်လို့ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ မိသားစု၀င်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် လူငယ်အမျိုးသားအများစုကအလုပ်သွား၊အလုပ်ပြန်မလုပ်ရဲကြတော့ဘူးလို့ မြို့ခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်ရဲ့ ပတ်ကင်း၊ပေါ်တာဆွဲကားများ။






