Home > ဆောင်းပါး > ဆရာဦးထွန်းသိန်းကို တွေ့မိသလား

ဆရာဦးထွန်းသိန်းကို တွေ့မိသလား

ဟန်နီကို
(မျက်မှောက်ခေတ် ပညာရေး)

၁။
ဆရာကြီးဦးထွန်းသိန်းမှာ မကျေမနပ် ဖြစ်နေပါသည်။

“ဒီမှာဗျ ခင်ဗျားပြောင်းမယ့်ကိစ္စကို ဒီလောက်ဝမ်းပန်းတနည်းဖြစ်နေကြတာ ကျွန်တော်ဖြင့် လုံးဝနားမလည်ဘူး။ ရွာလူကြီးဦးညိုတုတ်ကလည်း စကားတောင်ပြီးအောင် မပြောနိုင်ဘူး။ ငိုပြီး ထိုင်သွားရတယ်။ ကျွန်တော်ဒီလူကို အရင်က အထင်ကြီးထားတာတွေ သွားရော။ တစ်ယောက်ပြီး တစ်ယောက် ချီးကျူးကြ၊ ဝမ်းနည်းကြနဲ့ ကျွန်တော် ခင်ဗျားကို ဒီရွာ ဒီကျောင်းမှာ ခဏလေးနေရမယ်ဆိုတာ သိပုံရပါတယ်။ အဲဒီတော့ ခဏနေရတုန်းမှာ အကောင်းဆုံး နေပြသွားမယ် ဆုံးဖြတ်ပြီး နေတာလည်း ဖြစ်နိုင်တာပဲ”

ဆရာလယ်တွင်းသားစောချစ်၏ ဒုတိယအရွယ် ဆိုသည့် ကိုယ်ရေးအတ္ထုပ္ပတိ စာအုပ် နောက်ဆုံးအခန်း ၊ အခန်း (၁၀) မှ စာသားတွေကို ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

၂။
ဆရာလယ်တွင်းသားစောချစ်က ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးရွာကလေးမှာ အလယ်တန်းပြဆရာအဖြစ် အမှုထမ်းခဲ့ရသည်။ အမှုထမ်းစဥ်ကာလအတွင်း ကျောက်မီးရွာစာသင်ကျောင်းကို လုပ်ဖော်ကိုင်ဖက် ဆရာ၊ဆရာမတွေ၊ ရပ်မိရပ်ဖတွေနှင့် လက်တွဲပြီး တိုးတက်အောင်ပြုလုပ်နိုင်ခဲ့သည်။ ဆရာသည် ရွာက စာသင်ကျောင်းကို ရုပ်ပိုင်းရော၊ ပညာရေးပိုင်းပါ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ကျောက်မီးရွာကျောင်းကလေးမှာ တာဝန်ထမ်းဆောင်ခဲ့စဥ်အတွင်း ဆရာလယ်တွင်းသားစောချစ် ကိစ္စတစ်ခုမှာ ကြားဝင်ပြီး ပြေလည်အောင်ကြိုးစားပေးခဲ့ဖူးသည်။ ကျောက်မီးရွာအနီးက လက်သစ်ရွာမူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီးကို လက်သစ်ရွာက ကျောင်းသားမိဘတွေက အထက်ကို တိုင်တန်းကြသည်။ ကျောင်းချိန်ပျက်များခြင်း၊ စာကောင်းကောင်းမသင်ကြားခြင်းတို့ကြောင့် ဆရာကြီးဦးထွန်းသိိန်းကို ရွာက ဝိုင်းဝန်းတိုင်တန်းကြခြင်းဖြစ်သည်။

လက်သစ်ရွာက ဆရာကြီးဦးထွန်းသိန်းကို စစ်ဆေးမည့် မြို့နယ်ပညာရေးမှူးနှင့် မူလတန်းကျောင်းအုပ်ကြီးများ အဖွဲ့နှင့်အတူ ဆရာလယ်တွင်းစောချစ်လည်း လိုက်သွားခဲ့သည်။ ဆရာကြီး ဦးထွန်းသိန်း ကို စစ်ဆေးမှုမစခင် ဆရာလယ်တွင်းသားစောချစ်က တိုင်တန်းသည့် ကျောင်းသားမိဘတွေကို စကားပြောခွင့်တောင်းသည်။ ပညာရေးမှုးက ခွင့်ပြုတော့ ဆရာလယ်တွင်းသားစောချစ်သည် လက်သစ်ရွာက ဆရာကြီး ဦးထွန်းသိန်းမှာ စာသင်ကောင်းသူ၊ စာကိုစနစ်တကျသင်တတ်သူဖြစ်ကြောင်း၊ ခုလို တိုင်တန်းသည်အထိဖြစ်ရသည်မှာ ကျောင်းတွင် ဆရာကြီးတစ်ယောက်သာ စာသင်မည့်သူရှိ၍ဖြစ်ကြောင်း ၊ လက်သစ်ရွာမှာ မိမိတစ်ဦးတည်းဆရာလုပ်ရလျှင်လည်း အတိုင်ခံရမည်သာ ဖြစ်ကြောင်း ဆရာဦးထွန်းသိန်းဘက်ကနေ ကာကွယ်ပြောဆိုပေးခဲ့သည်။

လက်သစ်ရွာဘုန်းတော်ကြီးကလည်း ဆရာဦးထွန်းသိန်းမှာ အရက်သောက်သည့် အားနည်းချက်ရှိသည်မှာ မှန်သော်လည်း ကျောင်းချိန်တွင်း အရက်မသောက်လျင် ကိစ္စမရှိကြောင်း၊ မိဘတွေဘက်ကလည်း တောင်သူလုပ်ငန်းစိုက်ပျိုးချိန်များတွင် မိမိသားသမီးကို ကျောင်းမလွတ်သည့် ပြစ်ချက်ရှိကြောင်း ဆရာဦးထွန်းသိန်းဘက်ကရော၊ မိဘတွေဘက်ကပါ ပြင်ကြဖို့ မျှမျှတတ မိန့်ပါသည်။

နောက်ဆုံးမြို့နယ်ပညာရေးမှူးက အဓိက တရားခံသည် ဆရာလုံလောက်အောင်မပေးနိုင်သည့် မိမိတို့ပညာရေးဌာနသည်သာလျှင် ဖြစ်ကြောင်း၊ ဆရာမ တစ်ယောက်ပို့ပေးနိုင်ဖို့ကြိုးစားမည်ဖြစ်ကြောင်း ပြောဆိုပြီး တိုင်တန်းသည့်ကိစ္စပြေလည်သွားခဲ့ပါသည်။

ခက်သည်က ဆရာဦးထွန်းသိန်းသည် သူ့ဘက်ကနေ ရပ်တည်ပြောဆိုပေးခဲ့သည့် ဆရာဦးတင်လှိုင် ( လယ်တွင်းသားစောချစ်) ကို မကျေနပ်ခြင်းဖြစ်သည်။ သူ့ကျောင်းပြနေသည့်ရွာကို လာပြီး “ဆရာလုပ်သည်။ နာမည်ဝင်ယူသည်” ဆိုပြီး မကျေနပ်လေသလား။ တဖက်ရွာမှာ အောင်မြင်နေသည့် ဆရာကို မနာလိုဝန်တိုစိတ်များလွန်းသဖြင့် မကျေနပ်လေသလား။

၃။

ကျောက်မီးရွာကနေ ဆရာလယ်တွင်းသားစောချစ် ခွဲခွာရတော့မည့်နေ့။ ကျောက်မီးရွာ ကျောင်းသားတွေသာမက ရပ်ရွာလူကြီးတွေပါ တောင့်မခံနိုင်တော့ဘဲ မျက်ရည်ကျသည့်နေ့မှာတော့ ဆရာဦးထွန်းသိန်း၏ စိတ်ရင်းအမှန်သည် ဘွားဘွားကြီးပေါ်လာပါသည်။

ဆရာဦးထွန်းသိန်းက ကျောက်မီးရွာ ပညာရေးကို တိုးတက်ကောင်းမွန်အောင်လုပ်ပေးခဲ့သည့် ဆရာတစ်ယောက် ရွာကနေ ထွက်ခွာရတော့မည်မို့ မျက်ရည်ကျသည့် ရွာခံတွေကို အထင်သေးသည်။

“ကျွန်တော် ခင်ဗျားကို ဒီရွာ ဒီကျောင်းမှာ ခဏလေးနေရမယ်ဆိုတာ သိပုံရပါတယ်။ အဲဒီတော့ ခဏနေရတုန်းမှာ အကောင်းဆုံး နေပြသွားမယ် ဆုံးဖြတ်ပြီး နေတာလည်း ဖြစ်နိုင်တာပဲ” ဟု ဆရာလယ်တွင်းသားစောချစ်ကို စွပ်စွဲသည်။

ဆရာဦးထွန်းသိန်းသည် ဆရာလယ်တွင်းသားစောချစ်အပေါ် ဆရာ၊ဆရာချင်း မနာလိုစိတ်ဝင်နေသည်မှာ ကြာပြီဖြစ်ကြောင်း သိသာသွားခဲ့သည်။ မနာလိုစိတ်ကို မဖုံးနိုင်မဖိနိုင်ဖြစ်ရသည်အထိ ဖွင့်ပြောခြင်းကလည်း သူ၏ ဆရာ ဆရာချင်း မနာလိုစိတ်ကြီးမှု၊ အသိဉာဏ်နိမ့်ပါးမှုတို့ကို ဖော်ပြသလိုဖြစ်နေပါသည်။

၄။

ကျွန်တော်တို့ တော်လှန်ရေးနယ်မြေများတွင် ပညာရေးကို ခက်ခဲစွာ အကောင်အထည်ဖော်နေကြရပါသည်။ အတွေ့အကြုံများသည့်ဆရာ ဆရာမ၊ အတွေ့အကြုံနည်းသည့်ဆရာ ဆရာမ၊ စေတနာထက်သန်သည့် ဆရာ ဆရာမ၊ စေတနာနည်းပါးသည့် ဆရာ ဆရာမ၊ ပညာတော်သည့်ဆရာ ဆရာမ၊ ပညာနိမ့်ပါးသည့် ဆရာ ဆရာမ စသဖြင့် မျိုးစုံတွေ့ရပါသည်။ ကိစ္စမရှိပါ။

သို့သော်….ဆရာ ဆရာမချင်း မနာလို စိတ်အားကြီးလွန်းသည့် ဆရာဦးထွန်းသိန်းလို ဆရာ၊ ဆရာမတွေရှိနေသည့် နေရာမျိုးဆိုလျင်တော့ ပညာရေးတိုးတက်အောင် ပြုလုပ်ဖို့ အမတန်ခက်ခဲမည်ဖြစ်ပါသည်။

၅။
မည်မျှပင်ပန်းခက်ခဲသည် ဖြစ်စေ၊ ရုန်းကန်ရသည်ဖြစ်စေ ဦးထွန်းသိန်းလို ဆရာ၊ဆရာမ မျိုးတွေနဲ့တော့ စာရေးသူ တွေ့ဆုံလိုခြင်းမရှိပါ။

ဆရာ၊ ဆရာမ များခင်မျာ.. ဆရာတို့၊ဆရာမတို့ရော ဆရာဦးထွန်းသိန်းကို တွေ့မိပါသလား…။

#ဟန်နီကို
#မျက်မှောက်ခေတ်
#ပညာရေး

error: Content is protected !!