တက်နေထွန်း
(မျက်မှောက်ခေတ် အတွေးအမြင်)
အရင်ဆောင်းပါးမှာ စစ်တပ်က ဘယ်လိုနည်းဗျူဟာတွေ ကျင့်သုံးနေတယ်ဆိုတာကို တင်ပြခဲ့တယ်။ စစ်အုပ်စုက တော်လှန်ရေးကနေ ပြည်သူတွေကို ခွဲထုတ်နေတယ်ဆိုတာကို တင်ပြခဲ့တယ်။
ဒီတစ်ပတ်မှာတော့ စစ်အုပ်စုက စည်းရုံးစရာမလိုပဲ တော်လှန်ရေးကနေ ပြည်သူတွေကို ကန်ထုတ်သလိုဖြစ်နေတဲ့ အကြောင်းအရာတွေထဲက တစ်ခုအကြောင်းကို ပြောချင်တယ်။
စစ်တပ်က အာဏာသိမ်းတဲ့ အချိန်ကစလို့ ” တော်လှန်ရေး” ဆိုတဲ့ စကားလုံးဟာ လူတိုင်းပါးစပ်ဖျားမှာ နေ့စဥ်နီးပါးရွတ်ဆိုနေကြတဲ့ စကားဖြစ်တယ်။ တော်လှန်ရေးခေါင်းဆောင်တွေကနေ အစ ဆယ်အိမ်ခေါင်းအဆုံး သုံးကြတဲ့ စကားလည်းဖြစ်တယ်။ တော်လှန်ရေးဆိုတာရဲ့ အဓိပ်ပါယ်ကို ဘယ်သူတွေ ဘယ်လောက်ထိနားလည်သလဲ ဆိုတာတော့ ပြောရခက်တယ်။
ခုပြည်သူတွေတော်လှန်နေတာက စစ်အာဏာရှင်စနစ်ကိုဖြစ်တယ်။ စစ်အာဏာရှင်စနစ် ပျက်သုန်းသွားဖို့အတွက် စစ်အာဏာရှင်စနစ်ကိုကျင့်သုံးနေတဲ့ မင်းအောင်လှိုင်စစ်တပ်ကို တိုက်ခိုက်နေကြရတာဖြစ်တယ်။ ဒီတော့ တော်လှန်ရေးကို ယေဘုယျသဘော ပြောရရင် လတ်တလောအဆင့်နှစ်ဆင့်ရှိမယ်။
ပထမအဆင့်က စစ်အာဏာရှင်စနစ်ကို ကျင့်သုံးနေတဲ့ မင်းအောင်လှိုင်စစ်တပ် ချေမှုန်းရေး။ ဒုတိယက စစ်အာဏာရှင်စနစ် ပပျောက်ရေး။ ဒီနှစ်ခုကို တပြိုင်တည်းတော်လှန်မှရမှာဖြစ်တယ်။
မင်းအောင်လှိုင်စစ်တပ်ကို တိုက်နေရင်း တရားဥပဒေစိုးမိုးရေး၊ ပညာရေး စသဖြင့်တခါတည်း တည်ဆောက်ကြရတယ်။ ပညာရေးမကောင်းဘဲနဲ့ တော်လှန်ရေး ဒုတိယအဆင့်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ပပျောက်ရေးကို ဆောင်ရွက်လို့မရဘူး။
ခုချိန်ကြုံတွေ့နေရတာက ဘာလေးပဲလိုလို၊ ဘာလေးပဲခိုင်းချင်ချင် တော်လှန်ရေးဆိုတဲ့ စကားလုံးကိုသုံးပြီး တောင်းခံကြတယ်။ ခိုင်းကြတယ်။ နည်းမှန်လမ်းမှန်ဆိုရင် ပြည်သူအများစုက ကျေနပ်ကြမယ်။ နည်းလမ်းကလည်း မမှန် ၊ ဘာမဟုတ်တဲ့ကိစ္စလေးတွေကိုပါ တော်လှန်ရေးဆိုတဲ့ စကားကို သုံးသုံးပြီး လုပ်ဆောင်နေရင်တော့ “တော်လှန်ရေး” ဆိုတဲ့ စကားလုံးဟာ ပါဝါကျသွားမယ်။ နောက် အများသုံးလက်နှီးစုတ်လို ဖြစ်သွားမယ်။
မင်းအောင်လှိုင်တို့ စစ်အုပ်စုဘာပြောသလဲ။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး အကြောင်းတွေပဲ အမြဲပြောတယ်။ သူတို့ပြောတဲ့စကားလုံးတွေဟာ ကောင်းမြတ်တဲ့ စကားလုံးတွေပါပဲ။ ဒါပေမယ့် ခွေးပါးစပ်က နတ်စကားထွက်တာကို ပြည်သူတွေက သိကြတယ်။ ပြည်သူတွေက မယုံကြည်ကြဘူး။ စစ်အာဏာရှင်တွေဟာ မြင့်မြတ်တဲ့စကားတွေ၊ ကောင်းတဲ့စကားတွေ ဘယ်လောက်ပြောပြော သူတို့ပါးစပ်ကထွက်ပြီဆိုတာနဲ့ ဒီစကားတွေဟာ “ဟာသ” ဖြစ်သွားတယ်။ ” ရွံစရာ” ဖြစ်သွားတယ်။
“တော်လှန်ရေး” ဆိုတဲ့ စကားဟာလည်း ကြီးမြတ်တဲ့ စကားလုံးဖြစ်တယ်။ ပုဂ္ဂိုလ်တစ်ချို့ရဲ့ ပါးစပ်ကနေ ဒီစကားလုံးထွက်သွားတာနဲ့ “ဟာသ” လို့မြင်တဲ့ ပြည်သူတွေရှိနေပြီ။ ရွံတဲ့ပြည်သူတွေရှိနေပြီဆိုရင် မကောင်းနိုင်တော့ဘူး။
ဒီလိုလူတွေကို ပြည်သူတွေက မင်းအောင်လှိုင်နဲ့ တတန်းစားတည်းမြင်မှာလည်း သေချာပါတယ်။ ” တော်လှန်ရေး” ဆိုတဲ့ စကားလုံးဟာ လက်နှီးစုတ်လိုမဖြစ်မှ၊ ပြည်သူအများစုအတွက် “ဟာသ” မဖြစ်မှ၊ “ရွံစရာ” မဖြစ်မှ စစ်အာဏာရှင်ရော၊ စစ်အာဏာရှင်စနစ်ရော ကျဆုံးမှာ ဖြစ်ပါတယ်။
#တက်နေထွန်း
#မျက်မှောက်ခေတ်
#အတွေးအမြင်






