ပြည်သူ့အခြေပြုကျောင်းများတွင် ကျောင်းသားဦးရေအများဆုံးမှာ မူလတန်းဖြစ်သည်။ ထို့နောက် အလယ်တန်း၊ အထက်တန်း အစဉ်အလိုက် ကျောင်းသားဦးရေနည်းသွားသည်။
မူလတန်းဦးရေထက် အလယ်တန်း၊ အထက်တန်းကျောင်းသားဦးရေနည်းခြင်းမှာ သဘာဝဖြစ်သော်လည်း လက်ရှိကျောင်းသားဦးရေကွာဟမှုက အချို့နေရာများတွင် ထက်ဝက်၊ အချို့နေရာများတွင် သုံးချိုးတစ်ချိုးထိ ရှိနေသည်ကို တွေ့ရသည်။
မူလတန်းတွင် သုံးဆယ့်ငါးယောက်ရှိခဲ့သော အတန်းတစ်တန်းသည် အလယ်တန်းရောက်သောအခါ ဆယ့်ငါးယောက်ဝန်းကျင်သာ ရှိတော့သည်။ အထက်တန်းရောက်သောအခါ ဆယ်ယောက်အောက်သာ ရှိတော့မည်ဖြစ်သည်။
ကျောင်းသူ၊ ကျောင်းသားများ အတန်းမြင့်လာလေ ကျောင်းတက်ရောက်သည့် ဦးရေ သိသိသာသာ ရော့နည်းလာရခြင်းမှာ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်၊ ဖိနှိပ်ခံရမှုများ၊ စစ်ကောင်စီ၏ ပိတ်ဆို့မှုကြောင့် စာအုပ်စာတန်းဈေးနှုန်းကြီးမြင့်မှုများနှင့် လွတ်မြောက်နယ်မြေအချို့တွင် ပညာရေးကို ကောင်းအောင်မဆောင်ရွက်နိုင်သည့် အချက်များသည် အဓိကအချက်များဖြစ်ပြီး အခြားသော အကြောင်းအရာများလည်း ပါဝင်ပါသည်။
ယခုဆောင်းပါးသည် ကျောင်းသားဦးရေ တန်းစဉ်လိုက် အဆမတန်လျော့နည်းသွားရသည့် အကြောင်းကို တင်ပြမည်မဟုတ်။ လက်ရှိ ရှိနေသော ကျောင်းသားဦးရေနှင့် ရရှိလာသော ကျောင်းလခများကို စီမံခန့်ခွဲရာတွင် မျှတမှုရှိ မရှိ စီစစ်တင်ပြဖို့ ဖြစ်ပါသည််။
ပညာရေး ငွေကြေးစီမံခန့်ခွဲမှု မျှတမှုရှိမရှိကို ကျောင်းတစ်ကျောင်းဖြင့် နမူနာ တင်ပြပါမည်။ အလယ်တန်းကျောင်း တစ်ကျောင်းသည် ကျောင်းသူကျောင်းသား ၁၅၀ ရှိသည် ဆိုပါစို့။ ကျောင်းသူကျောင်းသား ၁၅၀ တွင် ၁၀၀ က မူလတန်း ကျောင်းသားများ ဖြစ်ပြီး ၅၀ က အလယ်တန်း ကျောင်းသူကျောင်းသားများ ဖြစ်သည်။
ကျောင်းသူကျောင်းသား တစ်ယောက်ကို လခ ၁၀၀၀၀ ကောက်ခံမည်ဆိုပါက ၁၅ သိန်းကျပ်ရရှိပေမည်။ အဆိုပါကျောင်းတွင် ဆရာ၊ ဆရာမ ၁၀ ဦး ရှိသည်ဆိုပါက တစ်ယောက်ကို တစ်သိန်းခွဲ ဉာဏ်ပူဇော်ခ ရကြမည်ဖြစ်သည်။
ရရှိသည့် ကျောင်းလခသည် မူလတန်းက အလယ်တန်းထက် နှစ်ဆရှိပြီး မူလတန်းကလေးတွေက အလယ်တန်းကလေးတွေကို ထောက်ပံ့ပေးနေရခြင်းဖြစ်သည်။
တကယ်တော့ ထိုကိစ္စသည် ဖြစ်သင့်သည့်ကိစ္စမဟုတ်မှန်း သာမန်စဉ်းစားရုံမျှဖြင့် ပင်သိနိုင်ပါသည်။ ထိုအထဲတွင်မှ အလယ်တန်းသင်သည့် ဆရာ၊ ဆရာမတွေက လခပိုယူဦးမည်ဆိုလျှင် မတရားသောကိစ္စဟု ဆိုနိုင်လေသည်။
အလယ်တန်းကျောင်းသူကျောင်းသားများကို လခပိုကောက်သော ကျောင်းတော်တော်များများလည်းရှိပါသည်။ သို့သော် မူလတန်းကျောင်သား ၁၀၀ နှင့် အလယ်တန်းကျောင်းသား ၅၀ ရှိသော ကျောင်းတွင် မူလတန်းကျောင်းသားတစ်ဦးကို လခ ၁၀၀၀၀ ၊ အလယ်တန်းကျောင်းသားတစ်ဦးကို လခ ၁၅၀၀၀ ကောက်ဦးတော့ ဝင်ငွေအချိုးမှာ မျှတခြင်းမရှိသေးပါ။ အလယ်တန်းကျောင်း သားများကို လခ ၂၀၀၀၀ ကောက်ဖို့မှာလည်း များလွန်းနေပြန်သည်။ မည်သို့ လုပ်ကြမည်နည်း။
ဖြစ်သင့်သည့်ကိစ္စကတော့ ကလေးများသည် အရေးအကြီးဆုံးအတန်းများဖြစ်ရာ သူတို့ဆီက ငွေကြေးကို လုံးဝယူငင်သုံးစွဲခြင်းမပြုသင့်ပါ။ သူတို့ဆီက ရရှိသော ငွေကို သူတို့အတွက်သာ သုံးရမည်ဖြစ်သည်။
ကျောင်းသူကျောင်းသား အချိုးအစားနှင့် ဆရာမျှတမှုရှိအောင် ဆရာ တွေထပ်ပြီးငှားရမ်းနိုင်သည်။ သူတို့အတွက် ကစားကွင်း၊ ကစားစရာတွေ ဖန်တီးပေးနိုင်သည်။ အလယ်တန်းအတွက် မလုံလောက်သည့် ရန်ပုံငွေကိုမှု ကျောင်းသားဆီက တိုက်ရိုက်ရရှိခြင်း မဟုတ်သည့် သီးခြားရန်ပုံငွေဖြင့် ထောက်ပံ့သင့်ပါသည်။
ထိုကဲ့သို့ လုပ်နိုင်သည့် အခြေအနေမရှိဘူးဆိုလျင် အလယ်တန်းသင် ဆရာ၊ ဆရာမများသည် လခပိုယူခြင်းကို လုံးဝ မလုပ်ဆောင်သင့်ပါ။ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ၊ဆရာမတွေ တန်းစဉ်အလိုက် လခ မြှင့်ယူ၊ ပေးသည့် စနစ်ကို စာရေးသူ လက်မခံပါ။ ဆောင်းပါတစ်ပုဒ်ဖြင့် သီးသန့်တင်ပြပါမည်)
စာရေးသူတင်ပြခဲ့သော မူလတန်းကျောင်းသား ၁၀၀ ၊ အလယ်တန်းကျောင်းသား ၅၀ ရှိသော ကျောင်းတစ်ကျောင်းပင် ကလေးတွေဆီကနေ အတန်းကြီးတွေအတွက် ငွေကြေးကို ပြန်ယူသုံးနေရသည်ဆိုလျှင် ၊ ကလေးတွေက သူတို့အခွင့်အရေး ဆုံးရှုံးခံပြီး ထောက်ပံ့နေကြရသည် ဆိုလျင် မူလတန်းကျောင်းသား ၂၀၀ ရှိပြီး၊ အလယ်တန်း ၅၀ လောက်သာ ရှိသည့်ကျောင်းက ကလေးတွေ၊ မူလတန်းကျောင်းသား ၃၀၀၊ အလယ်တန်း ကျောင်းသား ၁၀၀၊ အထက်တန်းကျောင်းသား ၅၀ အောက်သာရှိသည့် အထက်တန်းကျောင်းက ကလေးတွေ မည်မျှ အခွင့်အရေးဆုံးရှုံးနေကြမည်ကို မှန်းနိုင်ပါလိမ့်မည်။
အလယ်တန်းဆရာတွေနှင့် အထက်တန်းဆရာတွေက လခပိုယူကြဦးမည်ဆိုလျှင် (တကယ်လည်းယူနေကြသည်) မူလတန်းကလေးတွေရော၊ ဆရာတွေပါ နစ်နာကြရပါသည်။
ကလေးတွေဆီက အခွင့်အရေးတွေကိုယူပြီး တည်ဆောက်ထားသည့် ပညာရေးကျောင်းတစ်ကျောင်းသည် မှန်ကန်သည့်ကျောင်းလော။ ကလေးတွေကို ချနင်းထားသည့် ပညာရေးစနစ်သည် ကောင်းမွန်သည့် ပညာရေးစနစ်ဖြစ်မည်လော။ တရားမျှတမှုရော ရှိပါ၏လော။ ကလေးတွေဆီကလွဲလျင် အခြားသူတွေဆီက ယူစရာမရှိတော့ပြီလော။ စဉ်းစားကြဖို့ ဖြစ်ပါသည်။
#ဟန်နီကို
#မျက်မှောက်ခေတ်
#ပညာရေး