Home > Uncategorized > ဘုတလင်နယ် တိုက်ပွဲပြီးတဲ့နောက်

ဘုတလင်နယ် တိုက်ပွဲပြီးတဲ့နောက်

ဘုတလင်နယ် တိုက်ပွဲပြီးတဲ့နောက်

ဧက
(မျက်မှောက်ခေတ် သတင်း‌‌ဆောင်းပါး)

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ဆိုတာက  မုံရွာမြို့ န၊မ၊ခ တိုင်းစစ်ဌာနချုပ်၊တိုင်းအစိုးရရုံး၊တိုင်းဒေသကြီး လွှတ်တော်နဲ့ ၂၁ မိုင်သာကွာဝေးတာဖြစ်ပါတယ်။

မတရားအာဏာသိမ်းလိုက်တဲ့ စစ်အုပ်စု လက်ထက်မှာ စစ်ကိုင်းတိုင်း အစိုးရရုံးနဲ့ လွှတ်တော်ကို ထည့်မပြောတော့ပါဘူး။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်  မုံရွာ န၊မ၊ခ တိုင်းစစ်ဌာနချုပ်က အဓိက အခရာ ကျနေလို့ ဖြစ်ပါတယ်။

မုံရွာ န၊မ၊ခ နဲ့ မိုင်(၂၀)ဝန်းကျင်သာကွာဝေးတဲ့ဘုတလင်နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကြောင်းတစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာလ (၃၀) ရက်နေ့မှာစပါးခင်း ငန်းသတ်ရိတ်သလို အပြောင်ရှင်းခဲ့ကြတာပါ။

အဲ့ဒီနောက်မှာတော့ ဘုတလင်နယ်မှာ အခုလိုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ (၄)ရက်

အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကနေ အင်အား (၁၀၀)ဝန်းကျင်နဲ့ ဘုတလင်မြို့နယ်ဘက်ကို  စတင် စစ်ကြောင်းထိုး ဝင်ရောက်လာပါတော့တယ်။

မုံရွာ န၊မ၊ခ တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့နယ်ထဲက ကံသစ်၊တရော်တော၊အုတ်ကျင်းယုန်လှေးကုန်း၊သီးပင်အိုင် စတဲ့ကျေးရွာတွေကိုစစ် ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အပြစ်မဲ့ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးခဲ့ကြပါတယ်။

အောက်တိုဘာလပထမအပတ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာဟာ ဘုတလင်မြိုနယ်တောင်ဘက်အခြမ်း ကျေးရွာတွေ ဖြစ်ပါတယ်။

ဘုတလင်မြို့နယ် တောင်ဘက်ခြမ်းကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ စီးနင်းဝင်ရောက်ချိန်မှာ တရော်တောကျေးရွာက ပြည်သူ(၂)ဦး၊အုတ်ကျင်းရွာကပြည်သူ(၁)ဦး သတ်ဖြတ်ခံခဲ့ရပြီး သီးပင်အိုင်ကျေးရွာက အပြစ်မဲ့ပြည်သူအမျိုးသမီးငယ်တွေ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

အောက်တိုဘာလ(၁၀)ရက်နေ့မှာ န၊မ၊ခ တိုင်းစစ်ဌာ နချုပ်က စစ်ကြောင်း ဘုတလင်မြို့ကိုရောက် လာပါတော့တယ်။

ဘုတလင်မြို့ကိုရောက်လာတဲ့ အာဏာသိမ်းစစ်အုပ်စု စစ်ကြောင်းက မြို့ပေါ်မှာလိုအပ်တာယူပြီး အောက်တိုဘာလ (၁၁)ရက် ညက စပြီးလူမဆန်တဲ့ အလုပ်တွေ လုပ်ကြတာဖြစ်ပါတယ်။

အောက်တိုဘာ(၁၂/၁၃)

ဘုတလင်မြို့ ဗန္ဓုလရပ်ကွက်၊ကွပ်သစ် မုံရွာ-ရေဦးလမ်းနဲ့ သဖန်းလမ်းဆုံမှာတဲ့ ကုန်စုံဆိုင်တစ်ခုက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအ၀င် မိသားစု၀င်(၆)ဦးကို စစ်ကောင်စီတပ်က တံခါးဖွင့်မပေးလို့ဆိုတဲ့ အကြောင်းကြောင်းပြချက်နဲ့ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။

အဲ့ဒီညမှာပဲ ဘုတလင်မြို့ပေါ်က အပြစ်မဲ့ပြည်သူတွေ ဖမ်းဆီးခံခဲ့ရပြီး ဘုတလင်မြို့ရဲ့ မြောက်ဘက် ကပ်လျက်က မြောက်ကျီရွာက ပြည်သူ(၇)ဦးကို စစ်ကောင်စီတပ်ကသတ်ဖြတ်ခဲ့ပါတယ်။

အောက်တိုဘာ(၁၄/၁၅/၁၆)

ဘုတလင်မြို့နယ် မြောက်ကျီကျေးရွာမှာ စိတ်ကြိုတ်နေထိုင်၊သတ်ဖြတ်စားသောက်ခဲ့တဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ (၁၄)ရက်နေ့မှာ တက်လှိုင်းကျေးရွာကို ဓားစားခံပြည်သူတွေနဲ့ ၀င်ရောက်ခဲ့ပါတယ်။

တက်လှိုင်းကျေးရွာကနေ ပဲပြစ်တော ဘက်ထွက်ခဲ့ပြီး အခြေထိုင်ထားတဲ့ဘက်ပြန်လှည့်လာခဲ့ပါတယ်။

အောက်တိုဘာလ (၁၇)ရက်က စပြီး ဘုတလင်မြို့နယ်ကို စစ်ကောင်စီတပ်ဖွဲ့က အပြစ်မဲ့ပြည်သူတွေအပေါ်  လူမဆန်စွာသတ်ဖြတ်တာတွေ၊နေအိမ်တွေ မီးရှို့ဖျက်စီးတာတွေကို စီပါကျေးရွာက စတင်ခဲ့ပါတယ်။

ဘုတလင်နယ် စီပါကျေးရွာကို အောက်တိုဘာလ (၁၇)ရက် မနက်ပိုင်းမှာ အာဏာသိမ်းစစ်အုပ်စု စတင်၀င်ရောက်ပြီး ပြည်သူနေအိမ်တွေကိုမီးရှိ့ဖျက်စီးကြပါတယ်။

စီပါကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က အောက်တို ဘာလ(၁၇)ရက်ကနေ (၁၈)ရက် မနက်ပိုင်းအထိ စိတ်တိုင်းကျ မီးရှို့ဖျက်စီးခဲ့တာကြောင့် ပြည်သူနေအိမ်၊အဆောက်အဦးပေါင်း(၃၀၀)ကျော် ဆုံးရှုံးခဲ့ရပြီး ခန္ဓာကိုယ်အပိုင်းပိုင်းဖြတ်ပြီး သတ်ခံခဲ့ရတဲ့ ပြည်သူ(၆)ဦး ရှိခဲ့ပါတယ်။

အောက်တိုဘာ(၁၈)ရက် မနက်ပိုင်းမှာ ဆည်၀အုပ်စု ကျွဲသေချောင်းရွာကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေ သေနတ်ပစ်ဖောက်၀င်ရောက်ပြီး ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်စီးမှုကြောင့် ကျွဲသေချောင်းကျေးရွာက နေအိမ်၊အဆောက်အဦး(၂၀)၀န်းကျင် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

အောက်တိုဘာလ(၁၈)ရက် နေ့လည်ပိုင်းမှာပဲဆည် ၀ကျေးရွာအုပ်စုက ဆည်၀ရွာဟောင်း၊ဆည်၀ရွာသစ်နဲ့ အိုင်ပေါင်းချောင် ကျေးရွာကိုပစ်ခတ်၀င်ရောက် မီးရှို့ဖျက်စီးပြန်ပါတယ်။

ဆည်၀အုပ်စုက ရွာ(၃)ရွာကို တနေ့နဲ့ တည တပ်စွဲမီးရှို့ပြီး အောက်တိုဘာလ(၁၉)ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စိုင်ပြင်လေးကျေးရွာဘက်ကို ထွက်သွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ ထွက်သွားချိန်မှာ ဆည်၀ကျေးရွာ အုပ်စုက အမျိုးသား(၂)ဦးရဲ့ ရုပ်အလောင်းတွေ့ခဲ့ရပြီး ကျေးရွာခံပြည်သူ (၃)ဦးပျောက်ဆုံးနေကာ နေအိမ်၊အဆောက်အဦး(၈၀)၀န်းကျင် ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။

အောက်တိုဘာ(၁၉- ၂၁)

ဒီကနေ့ အထိ စစ်ကောင်စီတပ်ဖွဲ့က ညောင်ကန်အုပ်စု စိုင်ပြင်လေးကျေးရွာ အတွင်းမှာ ရှိနေတာပါ။
စိုင်ပြင်လေးကျေးရွာကို အောက်တိုဘာလ(၁၉)ရက်

ညနေပိုင်းမှာ စတင် ၀င်ရောက်ပြီး ဒေသခံပြည်သူ(၂၀)ကျော်ကို ဖမ်းဆီးထားသလို ပြည်သူနေအိမ်တွေကို ဆက်တိုက် မီးရှို့ဖျက်စီးနေတာဖြစ်ပါတယ်။

မီးလောင် ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့အောက်တိုဘာလ(၂၁)ရက် ညနေပိုင်းအထိ မသိရသေးပါဘူး။

ဘုတလင်မြို့နယ်အတွင်းမှာ စစ်ကြောင်းတစ်ခုလုံး အထိနာခဲ့တဲ့ အာဏာသိမ်းစစ်အုပ်စုကသူတို့ အထိနာခဲ့တဲ့ အနီးမှာရှိတဲ့ စီပါ၊ကျွဲသေချောင်းနဲ့ဆည်၀ကျေး ရွာတွေကို အငြိုးတကြီး စစ်ကြောင်းထိုးပြီး ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့ကာ နေအိမ်တွေ မီးရှို့ဖျက်စီးခဲ့ကြတာဖြစ်ပါတယ်။

#မောင်ဧက

error: Content is protected !!