Home > Uncategorized > ဒုက္ခကြားမှ ဘိုး၊ဘွားများ

ဒုက္ခကြားမှ ဘိုး၊ဘွားများ

ဒုက္ခကြားမှ ဘိုး၊ဘွားများ

မျက်မှောက်ခေတ်

ဘ၀ရှင်သန်ရပ်တည်ရေးအတွက်မနက်မိုးလင်းချိန်ကစပြီး တနေကုန်အလုပ်လုပ်ခဲ့ရသူဟာ အလုပ်သိမ်းတဲ့ညနေပိုင်းမှာ အေးအေးလူလူ အနားယူခွင့် ရချင်တတ်ကြပါတယ်။

တနေ့တာအလုပ်လုပ်ခဲ့လို့ ပင်ပန်းလာသမျှကိုအလုပ်သိမ်းတဲ့ ညနေပိုင်းအချိန်လေးမှာအနားယူခွင့်၊ စိတ်ပျော်ရွှင်စွာနေထိုင်ခွင့် ရလိုက်တာဟာ ဘယ်လောက်အထိ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ ငြိမ်းချမ်းခြင်း ရလိုက်တယ်ဆိုတာကို အလုပ်လုပ်နေကြရသူတိုင်း နားလည်ကြပါလိမ့်မယ်။

ဒါဟာ နေ့တနေ့အတွက်၊စား၀တ်နေရေးအတွက် လှုပ်ရှားရုန်းကန်ရင်း အနားယူရတဲ့အချိန်၊နားခွင့်ရတဲ့ အချိန်မှာ ရယူချင်တဲ့ ဆန္ဒတစ်ခုသာဖြစ်ပါတယ်။

ဘ၀တစ်ခုလုံး အသက်ရှင်သန်၊ရပ်တည်လာခဲ့တဲ့ ဘ၀ရဲ့နေ၀င်ချိန်တွေကို ဖြတ်သန်းနေကြရတဲ့ အဖိုး၊အဖွားတွေရဲ့ အနားယူချိန်ဟာ သူတို့အတွက် ဘယ်လောက်အထိအရေးပါလိမ့်မလဲဆိုတာကို စကားလုံးတွေနဲ့ဖော်ပြလို့ မရနိုင်ပါဘူး။

“ဒီအရွယ်ရောက်မှတော့ အေးအေးချမ်းချမ်းပဲနေချင်ကြတာပေါ့ကွာ၊အခုကြ သူတို့(စစ်ကောင်စီစစ်ကြောင်း)ရွာဘက်လာတယ်ကြားရင် သွားရတာ(ရွာနဲ့ဝေးရာကို ထွက်ပြေးကြရတာကို ဆိုလိုခြင်းဖြစ်ပါသည်)ဒီအသက်ရွယ်ရောက်မှ ပြေးရလွှားရတာ၊ဘ၀ဘ၀က အတိတ်ကံကြောင့်ထင်ပါတယ်”လို့ ကနီမြို့နယ်ကနေ စစ်ဘေးရှောင်လာတဲ့ အသက် ၇၀ကျော် အဘိုးတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ကစပြီး ပြည်သူလူထုရဲ့ ဆန္ဒကို လက်နက်ကိုင် စစ်အုပ်စုက မျက်ကွယ်ပြုလိုက်ပါတယ်။

ပြည်သူလူထုတစ်ရပ်လုံးက မဲဆန္ဒပြုခဲ့တဲ့အနိုင်ရ NLD ပါတီကို စစ်အုပ်စုက သေနတ်ကိုင်ပြီး မတရား အာဏာသိမ်းလိုက်တာပါ။

မြန်မာနိုင်ငံရဲ့စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့စည်းစိမ်၊ရာထူး၊အာဏာ၊မိသားစုနဲ့သူ့အသိုင်းအ၀န်းအတွက် မတရားသဖြင့်အာဏာသိမ်းလိုက်ပေမယ့် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကတော့ ဒုက္ခအဖုံဖုံ ကြုံတွေ့ခံစားလိုက်ရပါတော့တယ်။

မတရားအာဏာသိမ်းခဲ့တဲ့ လက်နက်ကိုင်စစ်အုပ်စုက ပေးနေတဲ့ ဒုက္ခအခက်အခဲမျိုးစုံကို သန်သန်မာမာ သွားလွာလှုပ်ရှားနိုင်တဲ့ လူတွေအတွက်တောင် အခက်အခဲမျိုးစုံရှိနေချိန်မှာသက်ကြီး ဘိုး၊ဘွားတွေ အတွက် ဆိုဖွယ်ရာမရှိလောက်အောင်ကို ဒုက္ခတွေများခဲ့ရပါပြီ။

“ဒီကောင်(အာဏာသိမ်းမင်းအောင်လှိုင်)က ရူးလို့ အာဏာသိမ်းတာ၊ ကိုယ့်ဘာသာ မိသားစုနဲ့သားစဉ် မြေးဆက် သုံးမကုန်ဘူး၊အေးဆေးနေလို့ရတယ်၊သူခိုးထားတာတွေက၊မင်းလည်းသိပါတယ်။

မလုပ်သင့်တာလုပ်တော့ သူရော၊စစ်တပ်ရော၊ကိုယ်တွေပါ ဒုက္ခရောက်ကြရတာ၊အခု စစ်သားဆို ရွာဘက်တစ်ယောက်တည်းလာကြည့် မသေရင်ကြိုတ်သလိုပြော၊သူတို့လည်းဒုက္ခရောက်တာပဲလေ၊ငါတို့လည်း ဒုက္ခရောက်တာပဲ၊ကုန်ဈေးနှုန်းတွေက အစ၊
ပြောရင် မကုန်ပါဘူး”လို့ မြောင်နယ်ကအငြိမ်းစားကျောင်းဆရာကြီး တစ်ဦးက ပြောပါတယ်။

တနေ့တာရဲ့ ပင်ပန်းသမျှကို တညနေ အနားယူလိုက်ရလို့ နောက်တနေ့အတွက်အားဖြစ်စေသလို ဘ၀တစ်ခုလုံးအတွက်လှုပ်ရှားရုန်းကန်လာခဲ့ရတဲ့သူအနေနဲ့ ဘ၀ရဲ့နေ၀င်ချိန်မှာ ယုံကြည်ရာဘာသာတရားနဲ့ ငြိမ်းချမ်းစွာ နေထိုင်နိုင်ခွင့်ရှိသင့်ပါတယ်။

ကြုံတွေ့နေကြရတာက မတရားအာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ဟာ ရွာတွေကို  မီးရှို့၊တွေ့သမျှ အသက်အရွယ်၊ကျား၊မ မရွေးကို ဖမ်းဆီး၊သတ်ဖြတ်တာတွေ ဥပဒေမဲ့ လုပ်နေတာကြောင့် သက်ကြီး ဘိုး၊ဘွားတွေခမျာ အသက်ဘေးအတွက် လွတ်မြောက်ရာကို အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေကြရရှာတာပါ။

“ဒီမှာနေရတာ ၂ နှစ်ကျော်ပြီ၊အသက်ကြီမှ ဒု က္ခရောက်လိုက်တာ၊မိုးတွင်းဆို ထမင်းချက်ဖို့တောင် ထင်းမလွယ်ဘူး၊တသက်လုံး ကိုယ့်အိမ်ကိုယ့်ယာနဲ့ နေလာခဲ့တာ၊ဒင်း(မင်းအောင်လှိုင်)လုပ်မှ ကလက် (ထန်းရွက်)တဲ နဲ့ မိုးမလုံ လေမလုံ နေရတယ်၊ထမင်းလည်း ဖြစ်သလို၊ဟင်းလည်း ဖြစ်သလိုစားရတယ်၊နွေတုန်းကဆို ရေတောင်မလွယ်ဘူးတော်၊ကလေး(PDF)တွေ ရေတွင်းတူးပေးလို့ သောက်ရတယ်၊ကျန်းမာ၊ချမ်းသာကြပါစေလို့ အမေကြီးကတော့အမြဲဆုတောင်းပေးတယ် ကလေး(PDF)တွေ
ကို”လို့ ဘုတလင်နယ်မှာရှိတဲ့ နှစ်ရှည်စစ်ရှောင်အဘွားတစ်ဦးကပြော ပါတယ်။

စစ်ရေးအခြေအနေတင်းမာနေလို့ စိတ်တထင့်ထင့်နဲ့ နေထိုင်ကြရတဲ့ အဘိုးအဘွားတွေရှိသလို ဗုံးသံ၊သေနတ်သံကြားကနေ ဘ၀ရဲ့နောက်ဆုံးအချိန်မှာမှ အသက်ဆက်ရှင်သန်နေထိုင်ခွင့်ရဖို့အတွက် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ အဘိုး၊အဘွားတွေ အများအပြားရှိနေပါတယ်။

ဘ၀ရဲ့တသက်တာကာလပတ်လုံး နေထိုင်ခဲ့တဲ့ကိုယ့်အိမ်ကို စွန့်ခွာပြီး ထွက်ပြေးနေကြရတဲ့ သက်ကြီး ဘိုးဘွားတွေဟာ မြန်မာနိုင်ငံတ၀န်းလုံးမှာ ရှိနေတာပါ။

“ဂျပန်ခေတ်လည်း ကြုံဖူးပါတယ်ကွယ်၊ဒီလောက်မဆိုးခဲ့ပါဘူး၊ဂျပန်တွေကသူတို့ပါတာလေးတွေ ကိုယ်က ကလေးဆိုတော့ ပေးတယ်၊ကျွေးတယ်၊ရွာဘေးက ဖြတ်သွားကြတာ၊လေယာဉ်လာရင်တော့ ပုန်းရတယ်၊အခုက သူတို့(စစ်ကောင်စီတပ်ဖွဲ့)လာတယ်ဆိုရင်ကို ပုန်းနေရတာကွယ်၊ အသက်(၉၀)နားနီးပါပြီ၊အခု
လောက် ဒုက္ခမရောက်ခဲ့ဘူးပါဘူး”လို့ ဂျပန်
ခေတ်ကို မှီခဲ့တဲ့ အဘွားတစ်ဦးက ပြောပါတယ်။

သက်ရှိ သတ္တဝါတိုင်းဟာ ဘ၀ရှင်သန်ရပ်တည်ရေးအတွက် ကြိုးစားပြီး အားကုန်၊လက်ပန်းကျလာတဲ့အခါမှာ အနားယူ၊အပန်းဖြေကြရသလို တစ်ဘ၀လုံး ဇောမျိုးစုံနဲ့ ရုန်းကန်လာခဲ့ရပြီးတဲ့လူသားတွေရဲ့နေ၀င်ချိန်မှာစိတ်ရဲ့အေးချမ်းမှုနဲ့ ဖြတ်သန်းခွင့်ရဖို့ လိုအပ်ပါလိမ့်မယ်။

ကိုးကွယ်ယုံကြည်ရာ ဘာသာတရား အလိုက်ဖြစ်စေ၊စိတ်ရဲ့ပျော်ရွှင်ငြိမ်းချမ်းစေရာအတွက်ဖြစ်စေ အေးအေးချမ်းချမ်း နေထိုင်ရှင်သန် နေရမယ့်အချိန်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံတ၀န်းလုံးမှာရှိတဲ့ သက်ကြီး ဘိုး၊ဘွားတွေဟာ စည်းစိမ်၊အာဏာ ယစ်မူးနေတဲ့ မင်းအောင်လှိုင်ရဲ့ မတရား အာဏာသိမ်းမှုကြောင့်ဘ၀ရဲ့ဆည်းဆာချိန်ရောက်ကာမှ ဒုက္ခပေါင်းမြောက်များစွာကို တကိုယ်လုံးသိမ်းကြုံးသယ်ပိုးထားကြရရှာပါတယ်။

error: Content is protected !!