Home > Uncategorized > ပြည်သူ့မျက်နှာကို ကြည့်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ညီညွတ်ကြဖို့လိုတယ်

ပြည်သူ့မျက်နှာကို ကြည့်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ညီညွတ်ကြဖို့လိုတယ်

ပြည်သူ့မျက်နှာကို ကြည့်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ညီညွတ်ကြဖို့လိုတယ်

တက်နေထွန်း

(မျက်မှောက်ခေတ် ဆောင်းပါး)

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များစွာ ပေါ်ပေါက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ NUG ခရိုင်တပ်ရင်းတွေ၊ သီးသန့်ရပ်တည်တဲ့ ဒေသခံ (Local) တပ်ရင်းတွေဖြစ်ပါတယ်။

ဒီတော်လှန်ရေးတပ်ဖွဲ့တွေဟာ တချို့ဒေသတွေမှာ ညီညွတ်မှုရှိပြီး တချို့ဒေသတွေမှာတော့ ညီညွတ်မှု အားနည်းတာတွေကို ဒေသခံတွေရဲ့အသံတွေ၊ သတင်းမီဒီယာက အချက်အလက်တွေအရ သိနေကြရပါတယ်။

“ဒါမျိုးသတင်းတွေကို ကြားကို မကြားချင်တာ။ ကြားလိုက်ရရင် စိတ်တအားဆင်းရဲရတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ချင်း မညီညွတ်မှု သတင်းတွေနဲ့ပတ်သက်ပြီးတော့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ အဓိကဘုံရန်သူဟာ စစ်ကောင်စီပဲဆိုတာ ကောင်းကောင်းကြီးနားလည်သဘောပေါက်ပြီးဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီစစ်ကြောင်းလာရင် ဘယ်အဖွဲ့ကပဲ လာရောက်တိုက်ခိုက်ပေးပေးကြိုဆိုတယ်လို့ ပြည်သူတစ်ဦးက ဆိုပါတယ်။

“ကျနော်တို့ဒေသကိုတော့ စစ်ကောင်စီက စခ တွေကိုမှန်အောင်ပစ်ဖို့ပဲလိုတယ်။ ဘယ်အဖွဲ့ပဲလာလာပါ။ တာဝန်ခံပေးမယ်” လို့ မကွေးတိုင်းဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

အစက တော်လှန်ရေးစိတ်ပြင်းထန်ခဲ့ပေမယ့် လက်နက်၊ အာဏာ၊ နေရာ ၊ ငွေ တွေကြောင့် ပြောင်းလဲသွားတဲ့သူတွေလည်း ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“စစ်အာဏာရှင်ကို တော်လှန်ရင်း ကိုယ်ကိုယ်တိုင်က စစ်အာဏာရှင်လမ်းကြောင်းကို လိုက်နေတဲ့သူတွေလည်းရှိနေတယ်။ ကိုယ့်နယ်ပယ်လေးမှာ အာဏာရှင်မင်းအောင်လှိုင်ကလေးတွေ ဖြစ်နေတာမျိုး” လို့ သူကဆိုပါတယ်။

တော်လှန်ရေးမှာ ကိုယ်ကျိုးစီးပွားတွေပါတယ်လို့ ယူဆကြတဲ့ အချို့သောတပ်ဖွဲ့တွေ၊ စည်းကမ်းပိုင်းအရ အားနည်းတဲ့ တပ်ဖွဲ့တွေကို နယ်မြေခံတပ်တွေက သူတို့နယ်မြေတွေမှာ အတူတကွ တိုက်ပွဲဖော်ဆောင်တာမျိုး မလုပ်ချင်ကြဘူးလို့ တော်လှန်ရေးအင်အားစုဝင်တစ်ဦးက ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း အဆင်မပြေရာကနေ အချင်းချင်းပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ ချင်းပြည်နယ်က သတင်းတွေကို ကြားရစဥ်က မျက်ရည်တောင်ကျမိတယ်လို့ တော်လှန်ရေးစိတ်ဓာတ်ပြင်း ထန်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြည်သူတွေရဲ့ အလိုလားအတောင့်တဆုံး ပထမဆုံးအချက်က စစ်အာဏာရှင် ပြုတ်ကျရေးဖြစ်ပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ပထမဆုံးပန်းတိုင်ကလည်း စစ်အာဏာရှင်ပြုတ်ကျရေးဖြစ်ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား နားလည်မှု အားနည်းတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်အာဏာရှင်ပြုတ်ကျရေး တော်လှန်ရေးခရီးစဥ်ဟာ ခရီးရောက်သင့်သလောက် ရောက်နေပြီဖြစ်ပါတယ်။ ဒီခရီးကို အဆုံးထိသွားနိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေ ညီညွတ်ကြမှ ဖြစ်မှာပါ။ တော်လှန်ရေးကြီးပြီးဆုံးမှ၊ စစ်အာဏာရှင်တွေကို အမြစ်ဖြတ်ပြီးမှ ပြည်သူတွေလိုလားတောင့်တနေတဲ့ နိုင်ငံတော်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ညီညွတ်မှုအားနည်းနေသေးတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပြည်သူ့မျက်နှာကြည့်ပြီး ညီညွတ်ရေးတည်ဆောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

#တက်နေထွန်း

error: Content is protected !!