အကြောင်းအရာ ပုံသဏ္ဍာန် ကဗျာတခုလုံး “ကျော်မျိုး”တာပလု ရေးတယ်။သူနဲ့ကျနော်က လျှောက်လမ်းလေးတခုစာ ခြားတဲ့ စားပွဲတွေမှာ ထိုင်ကြပါတယ်။သတင်းခန်းထဲက စီရီထားတဲ့ ခုံတွေမှာ ထိုင်ကြရတာပါ။သူက ဘာသာပြန် ကျနော်က သတင်းထောက်။ကျနော်က ရုံးရောက်တာနဲ့ တာဝန်ကျအယ်ဒီတာနဲ့ တနေ့တာ သတင်းအတွက် ဆွေးနွေးတိုင်ပင်ပြီး အပြင်ထွက် သတင်းယူရပါတယ်။တခါတခါ သွားရတဲ့ ခရီးအကွာအဝေးကြောင့် ရုံးဆင်းချိန်မှပဲ ပြန်ရောက်ပါတယ်။ပါလာတဲ့သတင်းကိုရေး အယ်ဒီတာ့ စားပွဲပေါ်တင်ပြီး အိမ်ပြန်ပေါ့။သူ့ကို တရင်းတနှီးမရှိလှပါဘူး။မေးထူးခေါ်ပြော နှုတ်ဆက်ကြတာတော့ ရှိတယ်။ဘာသာပြန်ဆရာက ဘာသာပြန်အလုပ်လုပ်။သတင်းထောက်က သတင်းမေး သတင်းရေးတဲ့ အလုပ်ကို လုပ်ပေါ့။တခါတရံမှာ သတင်းရေးဖို့အတွက် အင်္ဂလိပ်လိုကနေ မြန်မာမှုပြု ရေးဖို့လိုလာတဲ့အခါ “ဒီစကားလုံးကို ဘယ်လိုမြန်မာမှုပြု ရေးလို့ရနိုင်မလဲ” ဆိုပြီး သူ့ကို မေးမြန်းတိုင်ပင်တာမျိုးတော့ ရှိပါတယ်။တရက်တော့ အယ်ဒီတာက ကျနော့ကို ခေါ်ပြောပါတယ်။နယ်သတင်းထောက်အနေနဲ့ နေပြည်တော် သွားနေနိုင်မလား ဆိုပြီး မေးပါတယ်။အယ်ဒီတာတွေပြောတာ လက်ခံပြီး နယ်မှာအထိုင်သတင်းထောက်လုပ်ဖို့ သဘောတူခဲ့ပါတယ်။ဒီလိုနယ်ကို အထိုင်ထားဖို့အတွက် တယောက်ထဲလွှတ်မှာတော့ မဟုတ်ပါဘူး။ကျနော်နဲ့အတူ နောက်တယောက်ပါ ပါပါတယ်။အရင်အထိုင်ထားတဲ့ နယ်သတင်းထောက်က အလုပ်ကထွက်သွားလို့ အစားထိုးဖို့အတွက် ဖြစ်တယ်။ကျနော့်လုပ်ဖော်ကိုင်ဖက်တချို့နဲ့ ရုံးထဲကသူတချို့က စိုးရိမ်ကြတာရှိပါတယ်။ဒီအကြောင်း အသက်အရွယ်ရလာတော့မှပဲ အရင်က ပုံရိပ်တွေကို ပြန်တွေးမိရင်း သိလာရတာဖြစ်ပါတယ်။သူတို့စိုးရိမ်ကြတဲ့အချက်က ကျနော်နဲ့အတူ နယ်သွားမယ့်သူနဲ့ နေလို့အဆင်ပြေပါ့မလားဆိုတာပါ။ကိုယ်ထင်တဲ့အရာကို တခြားသူအတွက်စဉ်းစားပြီး မျှမျှတတမရှိတဲ့သူနဲ့ တနေရာထဲအတူနေဖို့ ဖြစ်ပါ့မလားဆိုတဲ့အချက်ပါ။ကာယကံရှင် ကျနော်တို့နှစ်ယောက်ကတော့ လူကြီးတွေကို အဆင်ပြေပါတယ်ပဲ အာမခံလိုက်ကြတာပါ။သူက ကျနော့်ကိုလာမေးပါတယ်။”ခင်ဗျား နေပြည်တော်သွားမှာ အဆင်ပြေပါ့မလား”တဲ့။”ဟုတ်ကဲ့အဆင်ပြေမှာပါ”လို့ ကျနော်ကပြောတော့ “မဟုတ်ဘူးဗျ ခင်ဗျား ဒီလူနဲ့ ခရီးအတူသွားရမှာ ဟိုမှာအတူနေရမှာ အဆင်ပြေပါ့မလား” အဲ့တော့မှ သူနဲ့ကျနော် စကားတွေ ပိုပြောဖြစ်တယ်။သူ့အကြောင်း ကိုယ့်အကြောင်းလဲ ပြောဖြစ်လာကြတယ်။နယ်သွားဖို့ရက်ပိုင်းအလိုမှာ ကျနော့်ပြောပုံဆိုပုံကိုကြည့်ပြီး သူစိုးရိမ်နေတာတချို့ လျော့ကျသွားပုံရပါတယ်။ရန်ကုန်သတင်းခန်းကနေ နယ်သတင်းထောက်အဖြစ် ထွက်လာတဲ့နေ့က သူ့ကိုအရင်ဆုံး နှုတ်ဆက်ပြီး မြို့ပြကို နှုတ်ဆက်ထွက်ခွာခဲ့ပါတော့တယ်။သတင်းခန်းထဲက လူထူးဆန်းနှစ်ဦးသတင်းခန်းထဲမှာ သတိထားမိရင် လူထူးဆန်းနှစ်ဦးရှိပါတယ်။ပုံမှန်ရုံးတက်ချိန်မှာ အလုပ်သွား အလုပ်ပြန်လုပ်မယ်။သတ်မှတ်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ်။ ရုံမှာပျော်ပွဲရွှင်ပွဲတခုခုရှိတိုင်း အများနည်းတူ ပါဝင်လေ့မရှိတတ်သူနှစ်ဦး ဖြစ်ပါတယ်။တခါက ဟိုတယ်ကြီးတခုမှာ တရုံးလုံးနဲ့ဆိုင်တဲ့ နှစ်ပန်လည်ပွဲ ကျင်းပတုန်းက သူနဲ့ကျနော် နှစ်ဦးပဲ ရုံးစောင့်အဖြစ် ကျန်ခဲ့ပါတယ်။တရုံးလုံး ပွဲကိုသွားကြပြီး နှစ်ယောက်ပဲ ကျန်ခဲ့တာပါ။နှစ်ယောက်ထဲကျန်ခဲ့ကြလို့ တယောက်ကိုတယောက် စကားပြောကြမယ် မထင်ပါနဲ့။သူလဲ သူလုပ်စရာရှိတာ တကုတ်ကုတ်နဲ့ သူထိုင်နေကျစားပွဲမှာ အလုပ်ရှုပ်နေသလို ကျနော်လဲ သတင်းနားထောင်၊ သတင်းလိုက် သတင်းရေး ညောင်းလာရင် သီချင်းနားထောင် နေပါတယ်။သူနဲ့ကျ နော်က ဒီလိုလူနှစ်ဦးပါ။တယောက်နဲ့တယောက် လှမ်းပြီးအကဲခတ်တာကလွဲရင် နှစ်ယောက်သားက ကိုယ့်ပုံစံနဲ့ကိုယ် နေကြတာဖြစ်ပါတယ်။သူနဲ့ကျနော် နှစ်တွေအကြာကြီး ကွဲကွာသွားပါတယ်။ဒီလိုနဲ့တရက် သူ့အကောင့်မှာ ကဗျာတွေရေးလာတာကို တွေ့ရပါတယ်။ ကျနော် သူရေးတဲ့ကဗျာတွေကို ဖတ်ရုံသာဖတ်လိုက်တာ။ သူ့ကို ဘာသာပြန်စာရေးဆရာတယောက်လို့သာ မှတ်ယူထားတာလဲ ဖြစ်ပါတယ်။ဘာသာပြန်စာအုပ်တွေ ထွက်လာသလို ကဗျာစာအုပ်တွေလဲ စာအုပ်စင်တွေပေါ် ရောက်လာတာကို တွေ့လာရပါတယ်။သူထွက်သမျှကိုလဲ ဝယ်စုဖြစ်ပါတယ်။အဲဒီအချိန်မှာ သူနဲ့ တကြိမ်တခါမှ ပြန်မဆုံးဖြစ်သေးပေမယ့် သူရေးတာတွေကို ပိုပြီးကြိုက်လာတာမျိုး စိတ်ထဲက ရလာပါတယ်။တချို့ကဗျာတွေကို အကြိမ်ကြိမ် ပြန်ဖတ်မိတာမျိုးတွေ ရှိလာပါတယ်။ကိုယ်ကိုယ်တိုင်က ဘဝအချိုးအကွေ့တချို့ကို ကျော်ဖြတ်ပြီးချိန်မှာ အက်ဆေးနဲ့ကဗျာတွေကို ပိုပြီးအကြိုက်တွေ့လာချိန်မှာ ကျော်မျိုးရဲ့ကဗျာတွေက တချို့အရာတွေ စကားလုံးတွေ အသံတွေ အမူအရာတွေက တချက်တချက် အရှိုက်ကို လာလာထိပါတယ်။ကဗျာဆရာသုံးဦးနဲ့ကျနော်ကျော်မျိုး၊မောင်သိန်းဇော်(ကဗျာဆရာ K ဇော်)၊ လူမာန်သာ နဲ့ ကျနော် နေ့လည်ခင်းတခုမှာ အပူရှောင်ရင်း ကုန်တိုက်တခုပေါ်မှာ လက်ဖက်ရည်သောက် စကားတွေပြောဖြစ်ကြပါတယ်။အဲဒီကာလက လူမာန်သာနဲ့ကျနော် အလုပ်တခုမှာ အတူလုပ်ကိုင်နေကြချိန်လဲ ဖြစ်ပါတယ်။သူကစီနီယာ၊ကျနော်က ဂျူနီယာပေါ့။စာတွေကဗျာတွေရူးတဲ့ ကျနော့်ကို လူမာန်သာက သူသိတဲ့သူ့မိတ်ဆွေတွေနဲ့ အခွင့်အခါသင့်ရင် သင့်သလို မိတ်ဆက်ပေးတတ်ပါတယ်။အဲဒီနေ့လည်ခင်းက မန္တလေးသိန်းဇော်နဲ့ ပထမဆုံး လက်ဖက်ရည်ထိုင်သောက်ဖူးတဲ့နေ့ ဖြစ်သလိုနှစ်ပေါင်းများစွာ ကွဲကွာသွားကြတဲ့ တချိန်ကလုပ်ဖော်ကိုင်ဖက်ဟောင်း ကဗျာဆရာကျော်မျိုးနဲ့ ပြန်ဆုံဖြစ်ကြတဲ့ နေ့လည်းဖြစ်ပါတယ်။မန္တလေးသိန်းဇော်က စာပေအကြောင်း၊ ဇာတ်သဘင်အကြောင်းတွေကို ပြောပါတယ်။ကျော်မျိုးကတော့ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို ပြောတယ်။ဘာသာပြန်ဆရာအဖြစ်နဲ့ ဘဝကိုရပ်တည်နေသူပီပီ နိုင်ငံပြင်ပက အခြေအနေတချို့ကို ပြောပြနေခြင်းပါ။ကျနော်နဲ့ လူမာန်သာက သတင်းလောကကတချို့အရာတွေကိုပြောပြီး စကားလက်ဆုံကျတဲ့ နေ့လည်ခင်းတခု ဖြစ်ခဲ့ပါတယ်။နောက်တကြိမ် သတင်းဌာနတခုမှာ ပြန်ဆုံကြသူနှစ်ဦးကျနော်နဲ့ ကဗျာဆရာကျော်မျိုးတို့ သတင်းခန်းတခုမှာ နောက်တကြိမ် ပြန်ဆုံကြပါတယ်။ဒီတခါပြန်ဆုံတော့ ကျနော်တို့ တယောက်နဲ့တယောက် စကားတွေလုပြောကြတဲ့ အခြေအနေပါ။သူ့မှာ ပြောစရာစကားတွေ မြောက်များစွာရှိမှာဖြစ်သလို ကျနော့်မှာလည်း ပြောစရာ တထွေကြီးနဲ့ပေါ့။ဘဝရဲ့အချိုးအကွေ့ အနိမ့်အမြင့် အတက်အကျ မြောက်များစွာကို နှစ်ယောက်သားက ကျော်ဖြတ်လာခဲ့ကြပုံ ပေါ်ပါတယ်။တချိန်က သတင်းခန်းတခုထဲမှာ တရုံးလုံး နှစ်ယောက်ထဲရှိချိန်မှာတောင် တယောက်နဲ့တယောက် စကားမပြောကြတာ၊ပြောစရာစကား မရှိကြတာ အခုတော့ ပြောစရာစကားတွေက မြောက်များစွာ ဖြစ်လို့နေပါတယ်။ဒီကာလတွေက ကျော်မျိုးရဲ့ “မင်းပဲအကြောင်းအရာ ၊မင်ပဲပုံသဏ္ဍာန် ၊မင်းပဲ ကဗျာတခုလုံး” ကဗျာစာအုပ်ကို စာအုပ်ဆိုင်တွေရောက်တိုင်း လူမေးများနေတဲ့အချိန်လဲ ဖြစ်ပါတယ်။ကျနော်သွားတဲ့ ခရီးစဉ်တွေမှာ ဒီစာအုပ်နဲ့အတူ သွားခဲ့ပါတယ်။ရောက်ရာနေရာက မြို့ဆိုင်းဘုတ်တွေရှေ့မှာ စာအုပ်ကိုထောင်ပြီး မြို့ဆိုင်းဘုတ် Background ခံပြီး ရိုက်ပေါ့။ရိုက်လာသမျှပုံတွေကို သူ့ဆီပို့တော့ သူ့မိတ်ဆွေညီငယ်တဦးက ပေးပို့လာတဲ့ပုံတွေဆိုပြီး သူ့အကောင့်ကနေ ပုံတွေတင်တာပေါ့။စာအုပ်က လက်ကျန်ကုန်သွားတဲ့နောက်လည်း ဆက်ပြီးအမေးများနေဆဲပဲ ဖြစ်ပါတယ်။တရက် ခရီးကအပြန် ရုံးမှာဆုံဖြစ်ကြတော့ နှစ်ယောက်သား ရုံးရှေ့လက်ဖက်ရည်ဆိုင်ကို ထွက်ခဲ့ကြတယ်။ဖက်ကြမ်း တယောက်တလိပ်ဖွာရင်း လက်ဖက်ရည် သောက်ရင်း သူအကြံရလာတာကို ပြောလာတယ်။ဒီလို အလားအလာရှိတဲ့စာအုပ်ကို ကျနော်တို့နှစ်ယောက်ပေါင်းပြီး ထုတ်ကြမလားပေါ့။စာအုပ်တအုပ်ထုတ်ရင် ဘယ်လောက်ကျလဲ။ဘယ်လောက်ကုန်လဲ။သူတွက်ပြတဲ့ငွေပမာဏဆို လက်ထဲရှိသလောက်ဆို အဆင်ပြေလောက်တယ်ဗျ။စာအုပ်ထုတ်ကြမယ်ဆိုပြီး သဘောတူခဲ့ကြပါသေးတယ်။နောက်ရက်တော့ သူ့ကို မတွေ့တော့ပါဘူး။ဖုန်းလဲ စက်ပိတ်ထားတယ်။ရုံးမတက်တာကြာတော့ တယောက်မေး တယောက်မေးနဲ့ အဆက်သွယ်မရှိတော့ဘူးလို့သာ ပြန်ကြားရပါတော့တယ်။အဲဒီနေ့က လက်ဖက်ရည်ဆိုင်ထိုင်ခဲ့ကြတဲ့နောက်ပိုင်း သူလူ့လောကကနေ ထွက်ခွာသွားပြီဆိုတဲ့အချိန်အထိ သူနဲ့ထပ်မဆုံဖြစ်တော့ပါဘူး။“စိတ်နံရံမှာ သတိရမှု ကျောက်ခက်ပန်းဆွဲတွေခက်တာကငါ့မျက်ရည်ဟာ အမြင့်မပျံနိုင်ဘူးငါလည်းလွမ်းပုံလွမ်းနည်း စုံတယ်လိုရင်းမရောက်ဘူး။မင်းဖတ်မိမလား မသေချာတဲ့ကဗျာကိုမင်းတယောက်ထဲအတွက် ရေးခဲ့ပြီးမှအများက သူတို့အတွက်သူတို့ဘာသာ အနက်ဖော် ပြန်ဖတ်သွားကြတယ်ငါတို့ကွဲသွားခဲ့ပုံက လှလွန်းတယ်”ကျော်မျိုး -၂၀၁၆ခေတ်ကျန်ကဗျာများ ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်က ကျော်မျိုးရဲ့ကဗျာ အပိုင်းအစတချို့ကို ပြန်ဖတ်မိတော့ သူအရာအားလုံးကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီ။သူနဲ့ အရှေ့ပိုင်း နှစ်ကာလတွေက မကြုံကြိုက်လိုက်ရလို့ အရှေ့ပိုင်း နှစ်ကာလတွေကို အပိုင်းအစတချို့သာ သိခွင့်ရခဲ့ပါတယ်။သူ့အကြောင်းတွေကို သူနဲ့အတူ ကာလတခုကို ဖြတ်သန်းခဲ့ကြတဲ့ လူမာန်သာပြောပြလို့ သိခဲ့ရတာတချို့ ရှိခဲ့တယ်။နှစ်ကာလများစာအုပ်တိုက် the Ears ရဲ့လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ၃၁ ဒီဇင်ဘာ ၂၀၂၃ ရက်စွဲနဲ့ ကဗျာ ၊ ကဗျာဘာသာပြန် နဲ့ ဘာသာပြန်စာရေးဆရာ ကိုကျော်မျိုး ကွယ်လွန်ကြောင်း သိရတဲ့အတွက် နှစ်ကာလများစာပေက ဝမ်းနည်းရပါကြောင်း (ည ၇နာရီ ၂၃မိနစ်၊ဒီဇင်ဘာ၊၂၀၂၃)။နာရေးလိုက်ပို့ဖို့ သူ့အိမ်ရောက်တော့ ထိန်ပင်သုဿာန်ကို သွားနေတာ လမ်းတဝက်ရောက်ပြီလို့ သူကိုင်တဲ့ဖုန်းနဲ့ အကြောင်းကြားတာကိုပဲ ကြားလိုက်ရပါတယ်။#တာပလု Post Views: 181 Share