Home > သတင်း > တိုင်းရင်းသားကဏ္ဍ > ဖလမ်းတွင် ဆရာဝန်မောင်းနှင်လာသည့် အိမ်စီးကား ချောက်ထဲထိုးကျ တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရ

ဖလမ်းတွင် ဆရာဝန်မောင်းနှင်လာသည့် အိမ်စီးကား ချောက်ထဲထိုးကျ တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့မှာ ဒီကနေ့ ညနေပိုင်းက ဆရာဝန်ုတစ်ဦးမောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီး ပေ ၃၀၀ ခန့်ရှိ ချောက်ထဲထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖလမ်းခရိုင်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ ဖြစ်စဉ်မှာ ဖလမ်းမြို့မှ ဟားခါးမြို့သို့ မောင်းနှင်လာတဲ့ RAV-4 အိမ်စီးကား လေးဘီးအဖြူရောင်ယာဉ်က ဖလမ်းမြို့၊ လုံပီးရပ်ကွက်အနီး (လုံပီးရပ်ကွက်နှင့် တလန်ရောန်ကျေးရွာကြား) ဖလမ်း-ဟားခါးကားလမ်း မိုင်တိုင်အမှတ် ၉၄/၅ နှင့် ၉၄/၆ ကြား လမ်းအကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းရဲ့ဝဲဘက် ပေ ၃၀၀ ခန့်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့တာပါ။

“ဒီနေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်က ဆရာဝန်မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီး တိမ်းမှောက်တာ။ ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးဒဏ်ရာရတယ်။ ယာဉ်မောင်းက ဆရာဝန်နှင့် ကျန်တစ်ဦးက အမျိုးသားပါပဲ။”လို့ ဖလမ်းခရိုင် မီးသတ်ဦးစီးမှူး ဦးစာရုံမန်းက ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာသို့ ဖလမ်းခရိုင်မြို့နယ် မီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ဌာန၊ အဖွဲ့အစည်းတို့နဲ့အတူ သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာပါ။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဒေါက်တာရန်ပိုင်ဦးမှာ ချက်အောက်ပွန်းပဲ့ဒဏ်ရာ၊ ရင်ဘတ်ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့ပြီး အတူပါလာသူ ဦးဇော်မင်းထွန်း (အသက် ၂၀ နှစ်)မှာ ယာဘက်ဒူးအောက်ကျိုးတဲ့ဒဏ်ရာ၊ ဝဲဘက်ဒူးပွန်းပဲ့ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ဝဲဘက်လက်ပွန်းပဲ့ဒဏ်ရာတွေ အသီးသီးရရှိုခဲ့ပါတယ်။ ဒဏ်ရာတွေအသီးသီးရရှိခဲ့ပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့လည်း သိရပါတယ်။ ဒဏ်ရာရရှိသူတွေကိုတော့ ဖလမ်းမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့လည်း သိရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖလမ်းမြို့မရဲစခန်းက အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

ပိုတေး

error: Content is protected !!