Home > သတင်း > ကျန်းမာရေး > မုံရွာမြို့တွင် ကိုဗစ်အတည်ပြု သံဃာတော် ၁ ပါး ပျံလွန်တော်မူ၊ ပိုးတွေ့လူနာ ၁၀ ဦးထပ်တိုး

မုံရွာမြို့တွင် ကိုဗစ်အတည်ပြု သံဃာတော် ၁ ပါး ပျံလွန်တော်မူ၊ ပိုးတွေ့လူနာ ၁၀ ဦးထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြု သံဃာတော်တစ်ပါး ဒီကနေ့ ဇန်နဝါရီလ ၂၆ နံနက် ၁၁ နာရီအချိန်က ပျံလွန်တော်မူခဲ့တယ်လို့ မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ အဲဒီသေဆုံးသူဟာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောတယ်ဆိုပြီး ဇန်နဝါရီလ ၂၄ ရက်နေ့က မုံရွာမြို့ပြည်သူ့ဆေးရုံမှာ လာရောက်ပြသခဲ့ပြီးနောက် Test kit နဲ့စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ မနက် ၁၁ နာရီလောက်က ဆေးရုံကြီးမှာပဲ သေဆုံးခဲ့တာ။ နဂိုကတည်းက ကျန်းမာရေးမကောင်းဘူး။ ကိုဗစ်နဲ့တွေ့တော့ သေဆုံးသွားတာ။”လို့ မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က ပြောပါတယ်။

သေဆုံးသူသံဃာတော်က မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ ဇဗ္ဗူထိန်လင်းကျောင်းတိုက်က သက်တော် ၇၇ နှစ်ရှိ သံဃာတော်တစ်ပါးဖြစ်ပြီး ရုပ်ကလပ်ကိုတော့ ဒီကနေ့ နေ့လည်ပိုင်းကပဲ မုံရွာမြို့နယ် ဆားကျင်းသုသာန်မှာ မီးသဂြိုလ်ခဲ့တာပါ။ မုံရွာမြို့နယ်မှာ ကိုဗစ်ကြောင့် သေဆုံးလူနာ ၄ ဦးအထိရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဒီကနေ့ တစ်ရက်ထဲမှာတင် မုံရွာမြို့မှာ ကိုဗစ်အတည်ပြုလူနာ ၁၀ ဦး ထပ်တိုးတွေ့ရှိပြီး ပိုးတွေ့လူနာ ၁၀ ဦးမှာ ချမ်းမြဝတီ ၂ ဦး၊ ရတနာပုံ ၂ ဦး၊ စက်မှုဇုန် ၂ ဦး၊ နန္ဒဝန် ၁ ဦး၊ နတ်လူထိပ္ပန် ၁ ဦး၊ ပိတောက်ကုန်းရပ် ၁ ဦးနှင့် မြေနဲ ၁ ဦးတို့ဖြစ်ပါတယ်။ အဲဒီကိုဗစ်အတည်ပြုလူနာ ၇ ဦးကိုတော့ မုံရွာမြို့ တိုင်းရင်းဆေးရုံနဲ့မုံရွာတက္ကသိုလ်ဆေးရုံမှာ ထားရှိသွားမယ်လို့လည်း သိရပါတယ်။ မုံရွာမြိုနယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၂၄ ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရသူ ၁၄၇ ဦးရှိပြီဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

သူရိယထက်

error: Content is protected !!