Home > သတင်း > ကျန်းမာရေး > မုံရွာမြို့သို့ ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိ

မုံရွာမြို့သို့ ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိ

ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးဖို့အတွက် ဒီကနေ့ နေ့လည်ပိုင်းက လေကြောင်းလိုင်းကနေ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ရောက်ရှိလာပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။ အခုလက်ရှိရောက်ရှိလာတဲ့ကိုဗစ်ကာကွယ်ဆေးတွေကို ပထမဦးစားပေးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေနှင့် Volunteer တွေကို ထိုးနှံပေးသွားမှာဖြစ်ပါတယ်။

“ဒီနေ့ပဲ ကိုဗစ်ကာကွယ်ဆေးတွေရောက်ပါပြီ။ ဘယ်လောက်ရောက်တယ်ဆိုတာကတော့ အတိအကျမသိဘူး။ ပထမဦးဆုံး ကျန်းမာရေးဝန်ထမ်းတွေနှင့် Voluntter တွေပေါ့။ သူကအောက်ခြေကနေ တင်လိုက်တဲ့စာရင်းအတိုင်း ကျန်းမာရေးဝန်ထမ်းရှိသလောက်ပေါ့။ နောက်ပြီး Volunteer တွေပါ။ အဲဒါတွေက ပထမဦးစားပေးထဲမှာ ပါပါတယ်။ မနက်ဖြန်ကစပြီး ထိုးနှံပေးမယ်။”လို့ ဒေါက်တာဇော်ဝင်းကပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက အခြားမြို့နယ်တွေက ကျန်းမာရေးဝန်ထမ်းတွေထံ လေကြောင်းလိုင်းအပြင် ကားတွေနဲ့ပို့ဆောင်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၃၃ မြို့နယ်မှာ ပိုးတွေ့လူနာ ၂၅၄၄ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၂၀၆၆ ဦးရှိကာ သေဆုံးသူ ၂၇ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

သူရိယထက်

error: Content is protected !!