Home > သတင်း > စီးပွားရေး > မြန်မာ့ထောပတ်သီး ဗြိတိန်ဈေးကွက်ကို စမ်းသပ်တင်ပို့ရောင်းချ

မြန်မာ့ထောပတ်သီး ဗြိတိန်ဈေးကွက်ကို စမ်းသပ်တင်ပို့ရောင်းချ

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ထွက်ရှိတဲ့ ထောပတ်သီးတွေကို ဗြိတိန်ဈေးကွက်အတွင်း တင်ပို့ကာ စမ်းသပ်ရောင်းချနေပြီလို့ သိရပါတယ်။ အခုလိုတင်ပို့ရောင်းချနိုင်ဖို့ မြန်မာနိုင်ငံ သစ်သီးဝလံ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း (MFVP) ရဲ့ အစီအစဉ်နဲ့ ထောပတ်သီးတောင်သူ ၁၅ ဦးရဲ့ Amara Variety (local variety)၊ Hass နှင့် Buccaneer လို့အမည်တွင်တဲ့ မြန်မာထောပတ်သီးအမျိုးအစား သုံးမျိုးကို စမ်းသပ်တင်ပို့နိုင်ခဲ့တာပါ။ အခုလို တင်ပို့နိုင်ဖို့အတွက် UKaid နှင့် DaNa Facility က ရှမ်းပြည်နယ်မှင့် ချင်းပြည်နယ်က တောင်သူတွေအတွက် စီးပွားရေး အခွင့်အလမ်းတွေ ဖန်တီးပေးတာ၊ စီးပွားဖြစ်ထုတ်လုပ်မှုသင်တန်းတွေပေးတာကတဆင့် ဒေသခံတောင်သူတွေ ဝင်ငွေတိုးလာစေဖို့ ပံ့ပိုးနေတဲ့ စီမံကိန်းတွေရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်တယ်လို့ မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။
ဒီထောပတ်သီးတွေကို ဗြိတိန်နိုင်ငံ Freshpro Import Limited က တာဝန်ယူကာ လန်ဒန်၊ ရှက်ဖီးလ်မြို့တွေက သစ်သီးဝလံ လက်ကားဒိုင်တွေကတဆင့် လက်လီဆိုင်တွေကို ဖြန့်ဖြူးရောင်းချပေးနေတယ်လို့ လန်ဒန်မြို့ရှိ မြန်မာသံရုံးကလည်း နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် စားသုံးသူတွေရဲ့ သဘောကျနှစ်ခြိုက်ကြောင်း မှတ်ချက်တွေလည်း ရရှိတယ်လို့ ဆိုပါတယ်။ မြန်မာသံရုံးအနေနဲ့ ဗြိတိန်ကုန်သည်ကြီးများအသင်းတို့နဲ့ ပူးပေါင်းကာ မြန်မာပို့ကုန်တွေ၊ အထူးသဖြင့် စိုက်ပျိုးရေးဦးစားပေးထုတ်ကုန်တွေနှင့် ထုတ်ကုန်အမယ်အသစ်တွေတိုးမြှင့် တင်ပို့နိုင်ဖို့လည်း ဈေးကွက်ရှာဖွေနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်ထပ်အနေနဲ့လည်း ပင်ဂွင်း( ဇီးကွက်) နဲ့ ချင်းပြည်နယ်ထွက် ထောပတ်သီးတွေကို လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေမှာ တင်ပို့နိုင်ဖို့ စီစဉ်နေတယ်လို့လည်း မြန်မာနိုင်ငံ သစ်သီးဝလံ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း (MFVP) က သိရပါတယ်။
မြန်မာနိုင်ငံမှာ ထောပတ်သီးကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တင်မက စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်တို့မှာလည်း စိုက်ပျိုးကြပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!