စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြိုးကြာကန်ကျေးရွာကို ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သီတာဝင်းတို့ အပါအဝင် NLD ပါတီဝင်တွေက အောက်တိုဘာလ ၂၇ ရက်နေ့က မဲဆွယ်စည်းရုံးရေးသွားရာမှာ ရွာထိပ်အရောက်မှာ ရာအိမ်မှုးက ဝါးလုံးနဲ့တားကာ အဝင်မခံတာဖြစ်ခဲ့ပါတယ်။ ဒီအတွက် ဝန်ကြီးနဲ့အဖွဲ့က မဲဆွယ်စည်းရုံးရေးဟောပြောမှုကို ရွာအပြင် ဘောလုံးကွင်းမှာပဲ လုပ်ဆောင်ခဲ့ရတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ အများသူငါသွားလာတဲ့လမ်းကို ခွင့်ပြုချက်မရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် ပိတ်ခဲ့တဲ့ ရာအိမ်မှုးကို မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှူးက မြို့နယ်စီမံခန့်ခွဲမှုကော်မတီရဲ့ အစည်းဝေးဆုံးဖြတ်ချက်အရ တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့တာပါ။
အမှုနဲ့ပတ်သက်လို့ ၃ ပတ်အကြာမှာ ရာအိမ်မှုးဖြစ်သူ ဦးမောင်ခိုင်ကို ရာဇသတ်ကြီးပုဒ်မ ၃၄၁ အရ မုံရွာမြို့နယ်တရားရုံးကနေ အလုပ်မဲ့ထောင်ဒဏ် ၁ လကျခံစေဖို့ နိုဝင်ဘာလ ၁၆ ရက်နေ့က အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗွီဒီယိုဖိုင် ၂ ဖိုင်လည်း လူမှုကွန်ရက်စာမျက်နှာမှာ ပြန့်နှံ့ခဲ့ပါတယ်။ ဗွီဒီဖိုင်အရ တားမြစ်တဲ့သူက ရာအိမ်မှုး ဦးမောင်ခိုင်၊ ရွာခွဲတာဝန်ခံ ဦးလူခင်၊ ရပ်မိရပ်ဖ ဦးညိုဝင်း ဆိုသူတို့ ဖြစ်ပြီး ကျန်းမာရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်တာလို့ ဆိုပါတယ်။ ဗွီဒီယိုဖိုင်မှာ ရာအိမ်မှူးဆိုသူက “ရွာကျန်းမာရေးအရ ပိတ်ထားတာပါ။ ကိုယ့်ရွာသူကိုယ်ရွာသားတွေကို အဝင်အထွက်ခံတယ်လေ။ ကျွန်တော်တို့ရွာရဲ့ မြောက်နားလေးကရွာမှာ ရန်ကုန်ပြန်ပိုးတွေ့တာ။ အဲဒီလူတွေက ကျွန်တော်တို့ရွာထဲမှာ ဖြတ်သွားတယ်။ ဖြတ်သွားမခံချင်လို့ လုပ်တာ။ ကျွန်တော်တို့က ရွာပတ်လမ်းပေးထားပါတယ်။ ပတ်လမ်းပေးပြီး သွားလာလို့ရပါတယ်။ တခြားလူတွေလာရင် ရွာထဲကိုအဝင်မခံဘူး။ ဘေးကို အတွေ့ခံတယ်။”လို့ ပြောဆိုထားပါတယ်။
ကျေးရွာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အများသူငါသွားလာတဲ့လမ်းတွေကို မပိတ်ကြဖို့လည်း သက်ဆိုင်ရာက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။
လွင်မင်း (မျက်မှောက်ခေတ်)