Home > သတင်း > တရားဉပဒေစိုးမိုးရေး > ရိခေါ်ဒါရ်မြို့တွင် ဘာသာရေးကိစ္စစကားများရာက ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံ အမျိုးသားတစ်ဦး အသတ်ခံရ

ရိခေါ်ဒါရ်မြို့တွင် ဘာသာရေးကိစ္စစကားများရာက ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံ အမျိုးသားတစ်ဦး အသတ်ခံရ

ဓာတ်ပုံ- ရိခေါဒါရ်ပြန်ဆက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၊ အမှတ် ၁ ရပ်ကွက်ရှိ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံအမျိုးသားတစ်ဦး နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က ဦးခေါင်းပြတ်ဒဏ်ရာနဲ့ အသတ်ခံရခဲ့တယ်လို့ ရိခေါ်ဒါရ်နယ်မြေရဲစခန်းက သိရပါတယ်။ အဲဒီနေ့က သေဆုံးသူ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံ ဦးကပ်လှေပြောင် (၄၃ နှစ်) နှင့် ပြစ်မှုကျူးလွန်သူအသက် ၂၈ နှစ်အရွယ် ရှယ်ထန်းတို့က ဘာသာရေးနဲ့ပတ်သက်လို့ အပြန်အလှန်ပြောဆိုပြီး ငြင်းခုံကြရာကနေ စကားများပြီး  လူသတ်မှုဖြစ်ပွားခဲ့တာပါ။

“မနေ့က ညနေ ၆ နာရီခွဲအချိန်က ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှာ ဖြစ်ပွားတာပါ။ အသတ်ခံရတဲ့ ဦးကပ်လှေပြောင်က ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံပါ။ သတ်တဲ့သူက ဦးရှယ်ထန်းပါ။ သတ်တဲ့တရားခံက နည်းနည်းစိတ်မနှံ့သလို ရူးတယ်လို့ပြောရမှာပေါ့။ သူကဘာသာရေးသမားပေါ့။ ဘာသာရေးသမားဆိုတာက ဘာသာရေး အစွန်းရောက်တယ်လို့ ပြောရမယ်။ သူကတစ်ချိန်လုံး ဘာသာရေးပဲပြောတတ်တဲ့သူ။ သူတို့နှစ်ယောက်တွေ့တော့ ဘာသာရေးအကြောင်းပြောရင်းနဲ့ စကားငြင်းခုံရင်းနဲ့ဖြစ်သွားတာ။”လို့ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်ကပြောပါတယ်။

ပြစ်မှုကျူးလွန်သူကို ရိခေါ်ဒါရ်နယ်မြေရဲစခန်းက ခေတ္တစခန်းမှူး ရဲအုပ် သက်နိုင်ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလာလ်ချန့်လျန်နာတို့က လှည့်ကင်းဆောင်ရွက်နေစဉ် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ ဝန်ထမ်းအိမ်ယာရှေ့ ရိခေါ်ဒါရ် – ဖလမ်း ကားလမ်းပေါ်မှာ အထုပ်တစ်ထုပ်ကိုင်ဆောင်ပြီး မြို့တွင်းဘက်သို့ လမ်းလျှောက်လာတဲ့ မသင်္ကာသူအမျိုးသားတစ်ဦးကို တွေ့ရှိလို့ စစ်ဆေးခဲ့ရာ အထုပ်အတွင်းမှာ အမျိုးသားတစ်ဦးရဲ ဦးခေါင်းပြတ်ကို တွေ့ရှိခဲ့တာပါ။

အခင်းဖြစ်ပွားရာနေရာမှာ အရှည် ၇.၅ လက်မ၊ ဗျက် ၃.၅ လက်မရှိ လက်ကိုင်ရိုးမပါ စတီးဓား တစ်ချောင်း၊ ချင့်တံဆိပ်ပါ အနီရောင် မီးသတ်ဆေးဗူး တစ်ဗူးနှင့် ဝါနက်ရောင် ပုဆိုးတစ်ထည် စတဲ့သက်သေခံပစ္စည်းတွေကို သိမ်းဆည်းခဲ့တယ်လို့လည်း သိရပါတယ်။ ပြစ်မှုကျူးလွန်သူမှာ ရိခေါ်ဒါရ်မြို့ အမှတ် ၂ ရပ်ကွက် ကျောက်ခွဲစက်ရုံ အလုပ်သမားဖြစ်ပြီး မင်းတပ်မြို့နယ်ကနေ လာရောက်အလုပ်လုပ်နေတာ ၁ နှစ်ကျော်ပြီ ဖြစ်ပါတယ်။ သေဆုံးသူအမျိုးသားအလောင်းကိုတော့ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ကာ မှုခင်းဆေးပညာအရ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်သူ ရှယ်ထန်းကို ရိခေါ်ဒါရ်နယ်မြေရဲစခန်းက (ပ)၂၁/၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ပိုတေး

error: Content is protected !!