Home > သတင်း > ဒေသတွင်းသတင်း > စစ်ကိုင်းတိုင်းဒေသကြီးတွင် ကမ်းပြိုကာကွယ်ရေးအတွက် ငွေကျပ် ၉ ဘီလီယံကျော် သုံးစွဲမည်

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကမ်းပြိုကာကွယ်ရေးအတွက် ငွေကျပ် ၉ ဘီလီယံကျော် သုံးစွဲမည်

စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းပေါင်း ၆၀ ခုအတွက် ငွေကျပ် ၉.၁၅ ဘီလံအကုန်အကျခံသုံးစွဲကာ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မယ့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၆၀ ခုထဲမှာ ကလေးခရိုင် ၃ ခု၊ ကသာခရိုင် ၄ ခု၊ ခန္တီးခရိုင် ၁ ခု၊ စစ်ကိုင်းခရိုင် ၄ ခု၊ တမူးခရိုင် ၁ ခု၊ မော်လိုက်ခရိုင် ၄ ခု၊ ယင်းမာပင်ခရိုင် ၂ ခု၊ ရွှေဘိုခရိုင် ၂ ခုတို့ကတော့ လက်ရှိဆောင်ရွက်နေပြီဖြစ်ကာ လုပ်ငန်းအသစ်အနေနဲ့ ကလေးခရိုင် ၇ ခု၊ ကသာခရိုင် ၆ ခု၊ ကန့်ဘလူခရိုင် ၃ ခု၊ ခန္တီးခရိုင် ၄ ခု၊ စစ်ကိုင်းခရိုင် ၂ ခု၊ တမူးခရိုင် ၃ ခု၊ မော်လိုက်ခရိုင် ၄ ခု၊ မုံရွာခရိုင် ၁ ခု၊ ယင်းမာပင်ခရိုင် ၅ ခု၊ ရွှေဘိုခရိုင် ၄ ခု၊ မြို့နယ်စုံအရေးပေါ်ဆောင်ရွက်ဖို့ ၁ ခုတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

“တိုင်းဘတ်ဂျက်နဲ့ လုပ်ငန်းပေါင်းအခု ၆၀ ခုရှိတယ်။ ဆောင်ရွက်ဆဲလုပ်ငန်းနဲ့ လုပ်ငန်းသစ်နှစ်မျိုးရှိတယ်။ ဆောင်ရွက်ဆဲလုပ်ငန်းတွေဆိုတာက ကျွန်တော်တို့က သူ့ဟာသူ Project အရ တစ်နှစ်တည်းဆောင်ရွက်တဲ့ လုပ်ငန်းတွေချည်းပဲ။ ဥပမာပြောရရင် ကလေးခရိုင်မှာ လုပ်ငန်း ၃ ခုရှိတယ်။ အဲဒီလုပ်ငန်းစဉ်အရင်နှစ်တွေကလဲ ကျွန်တော်တို့ ဒီနေရာမှာပဲဆက်ပြီးတော့မှ အပိုင်းလိုက်၊ အပိုင်းလိုက် လုပ်ခဲ့တာတွေရှိတယ်။ ဒါနဲ့လည်း မလုံလောက်သေးဘူး။ ကမ်းပြိုတဲ့အလျားက ရှည်တဲ့အတွက် ဆက်ပြီးတော့မှ ဆက်လုပ်တာဖြစ်တဲ့အတွက်ကို ဆောင်ရွက်ဆဲ လုပ်ငန်းလို့ ဆိုလိုတာပါ။ ဒီဘဏ္ဍာရေးနှစ်အတွက် တင်ဒါမခေါ်ရသေးဘူး။ အခုမှ မြေပြင်ကိုကွင်းဆင်းတော့မှ တိုင်းထွာဒီဇိုင်းတွက်ချက်တဲ့အဆင့်ပဲရှိသေးတာပေါ့။”လို စစ်ကိုင်းတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးကျော်စိုးက ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ လုပ်ငန်းတွေကိုတော့ တင်ဒါခေါ်ယူပြီး ရေမတက်ခင် အပြီးဆောင်ရွက်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ကမ်းပြို ကမ်းထိန်းကာကွယ်ရေးလုပ်ငန်းတွေကို စစ်ကိုင်းတိုင်းအတွင်း ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ်၊ မူးမြစ် စတဲ့မြစ်တွေအပြင် တခြားသော ချောင်းမြောင်းတွေအတွက်လည်း ဆောင်ရွက်တာဖြစ်ပြီး အဓိကအားဖြင့် ချင်းတွင်းမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတာပါ။

“စစ်ကိုင်းတိုင်းဒေသကြီးရဲ့အနေအထားက ကျွန်တော်တို့မှာလည်း ဒေသရဲ့လိုအပ်ချက်အရ လုပ်ပေးရမယ့်လုပ်ငန်းအရေအတွက်တွေက များတယ်။ ဒီအထဲကမှ ဒေသလွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ မေးခွန်းတွေမေးပြီးတော့မှ ဆောင်ရွက်ပေးပါမယ်လို့ ကတိကဝက်တွေက လုပ်ငန်းအရေအတွက်တွေက ရှိတာပေါ့။ ဒီလုပ်ငန်းတွေကို ဦးစားပေးပြီးတော့မှ ၂၀၂၀-၂၀၂၁ မှာ ဦးစားပေးပြီး လျာထားတာရှိတယ်။ မြေပြင်အခြေအနေအရ တကယ်လည်း လိုအပ်တယ်။ ကတိကဝတ် မဟုတ်ပေမယ့်လည်း မြေပြင်အခြေအနေမှာ တကယ်လိုအပ်တယ်။ တကယ်ပဲဆောင်ရွက်ပေးသင့်တဲ့လုပ်ငန်းတွေ ဒါတွေနဲ့ပေါင်းပြီးတော့ ဦးစားပေးပြီး ဆောင်ရွက်မှာဖြစ်တယ်။ တစ်ခါတလေ မြေပြင်ကွင်းဆင်းတဲ့အခါမှာ လျာထားတဲ့ဘတ်ဂျက်နဲ့ မြေပြင်မှာဆောင်ရွက်ပေးရတာနဲ့ မလိုအပ်ပဲလုပ်ငန်းတွလည်း တွေ့ရတယ်။ ဒါတွေကို ဒေသရဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းပြီးတော့ ကျန်ရှိတဲ့လုပ်ငန်းတွေကို ဆက်လျာထားပြီးတော့ ဆက်လုပ်ပေးရတာပေါ့။”လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရေးနှစ်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေကျပ်သန်း ၈၇၀၀ ကျော်သုံးစွဲခဲ့ပြီး လုပ်ငန်း ၆၆ ခု တည်ဆောက်နိုင်ခဲ့ပါတယ်။ လက်ရှိအစိုးရလက်ထက် စစ်ကိုင်းတိုင်းဒေသကြီးမှာ ၄ နှစ်ခွဲတာကာလအတွင်း ချင်းတွင်းတာနဲ့မြင်းမူလက္ကပင်တာ တည်ဆောက်ရာမှာ မြေကြီး ၂၅.၇၁ မိုင် နဲ့ကျောက်ရိုးစီ ၁၀.၄၉ မိုင် တည်ဆောက်နိုင်ခဲ့ပြီး စိုက်ပျိုးမြေ ၄၂၁၄၆ ဧကကို ရေဘေးကာကွယ်ပေးနိုင်ခဲ့တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၄ နှစ်ခွဲတာ စာရင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး

error: Content is protected !!