Home > သတင်း > ကျန်းမာရေး > ဆားလင်းကြီးတွင် Test Kit နဲ့ စစ်ဆေးရာအထူးရဲသင်သားတစ်ဦးထံက ကိုဗစ်ပိုးတွေ့ရှိ

ဆားလင်းကြီးတွင် Test Kit နဲ့ စစ်ဆေးရာအထူးရဲသင်သားတစ်ဦးထံက ကိုဗစ်ပိုးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့တွင် ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ကြမယ့် အထူးရဲတပ်ဖွဲ့ဝင်တွေ၊ သင်တန်းနည်းပြတွေကို ကိုဗစ်ရောဂါပိုးရှိမရှိ Test Kit နဲ့ စစ်ဆေးရာမှာ သင်းတန်းသားတစ်ဦးထံကနေ ကိုဗစ်ပိုးတွေ့ရှိရတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ အထူးရဲသင်တန်းသား စုစုပေါင်း ၉၆ ဦးနှင့် သင်တန်းနည်းပြ ၁၂ ဦးတို့ကို RDT Test Kit နဲ့ စစ်ဆေးခဲ့ရာမှာ သင်တန်းသားတစ်ဦးမှာပဲ ကိုဗစ်ပိုး တွေ့ရှိခဲ့တာပါ။ လက်ရှိမှာ ထပ်မံသေချာအောင် SWAB နမူနာရယူကာ မန္တလေးဓာတ်ခွဲခန်းကို ပို့ဆောင်ပြီး ထပ်မံ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

“Test Kit နဲ့ စစ်တာ တွေ့တာ။ သိပ်တော့ မသေချာဘူးဆိုတော့ Swab နမူနာယူပြီး မန်းလေးကို ပို့ဖို့ လုပ်နေတယ်။ အဲဒီက အဖြေရမှပဲ အတည်ပြုနိုင်မှာလို့ ပြောရမှာပေါ့။ Test Kit တွေအပေါ်မှာ သံသယရှိလို့။ ကောင်လေးက ခရီးသွားရာဇဝင်မရှိဘူး။ လျှောက်သွားနေသူလည်း မဟုတ်ဘူး။ သူ့ရွာနဲ့ ထန်းတော၊ ညောင်ပင်ကြီး ဒီလောက်ပဲသွားလာတာ။ သူ့ရွာကလည်း ခရီးသွားရာဇဝင်ရှိတဲ့သူ မရှိဘူး။ ရွာကလည်း အိမ်ခြေ ၆၀ ဝန်းကျင်ပဲ ရှိတာ။ လောလောဆယ်တော့ သူ့အိမ်ကိုရော ရွာကိုရော အသွားအလာ ကန့်သတ်ထားတယ်။”လို့ ရွာရှည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးမိုးခိုင်က ပြောပါတယ်။

လက်ရှိမှာ ကနဦးစစ်ဆေးမှုအရ ပိုးတွေ့ခဲ့ရသူက အိုမကျေးရွာကနေ ရွေးကောက်ပွဲလုံခြုံရေးအတွက် အထူးရဲသင်တန်းတက်ရောက်နေတဲ့ အသက် ၂၀ အရွယ် သင်တန်းသားတစ်ဦးဖြစ်ပါတယ်။ ပိုးတွေ့ရှိတဲ့ သင်တန်းသားကိုတော့ ဆားလင်းကြီးမြို့ ပြည်သူ့ဆေးရုံကြီးမှာ သီးသန့်ခွဲထားကာ စောင့်ကြည့် ကုသပေးသွားမှာ ဖြစ်ကာ တခြားသင်တန်းသားတွေကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ ဆားလင်းကြီးမြို့နယ်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ချက်အရ ကိုဗစ်အတည်ပြုလူနာ မတွေ့ရှိရသေးပါဘူး။ စစ်ကိုင်းတိုင်းအတွင်းမှာ အောက်တိုဘာလ ၁၄ ရက်နေ့ထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မြို့နယ်ပေါင်း ၂၃ မြို့နယ်မှာ ပိုးတွေ့လူနာ ၂၂၀ ကျော်ရှိပြီဖြစ်ပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!