Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာ ၂၈ ဦးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာ ၂၈ ဦးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြူလူနာတွေ့ရှိမှုက ၂၄ နာရီအတွင်း စုစုပေါင်း ၂၈ ဦးရှိတယ်လို့ တိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပိုးတွေ့လူနာတွေက အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်းမှာ ၁၃ ဦးနှင့် အောက်တိုဘာလ ၂ ရက်နေ့ မနက်ပိုင်းမှာ ၁၅ ဦး စုစုပေါင်း ၂၈ ဦးတွေ့ရှိခဲ့တာပါ။ မနေ့ကတွေ့ရှိတဲ့ ပိုးတွေ့လူနာ ၁၃ ဦးရဲ့ သတင်းကိုတော့ အသေးစိပ်ရေးသားထုတ်ပြန်ထားပြီးလည်း ဖြစ်ပါတယ်။ ဒီမနက်တွေ့ရှိတဲ့ ပိုးတွေ့လူနာ ၁၅ ဦးမှာ ကနီမြို့နယ်က ၇ ဦး၊ ကလေးမြို့နယ်က ၇ ဦးနှင့် ဖောင်းပြင်မြို့နယ်က ၁ ဦးတို့ဖြစ်ပါတယ်။

ကနီမြို့နယ်က ပိုးတွေ့ရှိလူနာ ၇ ဦးက ရန်ကုန်ကနေ ပြန်လာသူတွေဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်နေ့က Swab ယူ ပေးပို့စစ်ဆေးခဲ့ရာမှာ ဒီမနက်ရရှိတဲ့အဖြေအရ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

“အရင်က ကျွန်တော်တို့မြို့နယ်မှာ ပိုးတွေ့နှစ်ယောက်ရှိတယ်။ အဲဒီနှစ်ယောက်နဲ့ အတူတူပြန်လာတဲ့အုပ်စုထဲက ၆ ယောက်ရှိပါတယ်။ အဲဒီ၆ယောက်ထဲက ၅ ယောက်က စက်တင်ဘာ ၁၉ ရက်နေ့က ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ကနေ ပြန်လာတဲ့သူတွေပါ။ တစ်ယောက်ကတော့ မန္တလေးကနေ လမ်းကဖြတ်ပြီး သူတို့ကားပေါ်ကို စီးလိုက်ခဲ့တာပါ။ နောက်တစ်ယောက် ဒဂုံမြို့သစ်ကနေ ပြန်လာတာပါ။ အဲဒီတစ်ယောက်ရဲ့ ခရီးသွားရာဇဝင်ကိုတော့ လောလောဆယ် စီစစ်နေတုန်းပါ။ ပိုးတွေ့တဲ့ ၇ ယောက်မှာ ၁ ယောက်က အနံပျောက်နေတယ်။ ကျန်တဲ့ ၆ ယောက်က ပုံမှန်အခြေအနေပါပဲ။ ရောဂါလက္ခမပြပါဘူး။”လို့ ကနီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းက ပြောပါတယ်။

ပိုးတွေ့ရှိလူနာ ၇ ဦးထဲမှာ  ကျား ၄ ဦးနှင့် မ ၃ ဦးဖြစ်ပြီး ကနီမြို့နယ်၊ ဆင်အိုကျေးက ၄ ဦး၊ ရွာမတောင်ရွာက ၂ ဦး၊ ပြင်းမော်ကျေးရွာက ၁ ဦးတို့ဖြစ်ပြီး ကနီမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ပြောင်းရွှေ့ကုသပေးသွားမယ်လို့လည်း သိရပါတယ်။

ဖောင်းပြင်မြို့နယ်က ပိုးတွေ့လူနာဟာ အသက် ၂၃ အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ဖောင်းပြင်မြို့နယ်၊ ပါဟဲအုပ်စု၊ တောနန်ရွာကျေးမှာ နေထိုင်သူဖြစ်ပါတယ်။

“သူက ရန်ကုန်ကနေပြန်လာသူပါ။ ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ အခုလက်ရှိ ကျန်းမာရေးဝန်ထမ်းတွေက သွားခေါ်နေတယ်။ သူက စက်တင်ဘာ ၈ ရက်နေ့ကတည်းက ရောက်နေတာ။ ရွာစာသင်ကျောင်းမှာ Quarantine Center မှာဝင်ပြီးပြီ။ အိမ်မှာလဲ ထပ်ဝင်ပြီးပြီ။ အခုနောက်ပိုင်း ရန်ကုန်ပြန်တွေ လက်ကျန်မရှိအောင် လိုက်စစ်တဲ့အခါကျတော့ တွေ့တာပါ။ သူနဲ့ထိတွေ့တဲ့သူက သူ့မိသားစုရှိမယ်။ အခြားတော့ သိပ်မရှိဘူး။ ဒါပေမယ့် လိုက်လံစစ်ဆေးနေတယ်။ Q ဝင်ခိုင်းမယ်။” လို့လည်း ဖောင်းပြင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က ပြောပါတယ်။

ကလေးမြို့နယ်က ပိုးတွေ့လူနာ ၇ ဦးဟာ စမ်းမြို့ရပ်ကွက်က ပိုးတွေ့လူနာနှင့်ထိတွေ့သူ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး(၄)ဦးဖြစ်ပြီး စမ်းမြို့ရပ်ကွက် အထကကျောင်း Quarantine စင်တာမှာ အသွားအလာ ကန့်သတ်ထားတာပါ။

“စမ်းမြို့ရပ်ကွက်က ပိုးတွေ့လူနာရဲ့ Secondary Contact တွေလို့ ယူဆရပါတယ်။ သူတို့ကို စင်တင်ဘာ (၂၉) ၊ (၃၀)ရက်နေ့မှာ Swab ယူခဲ့တာမှာ (၇) ဦးမှာ ပိုးတွေ့တာပါ။ ကျန်းမာရေးအခြေအနေကတော့ ကောင်းပါတယ်။ သူတို့ကို ကုတင် (၃၀၀) ထဲက တိုင်းရင်းဆေးရုံကြီးထဲမှာထားမှာပါ။” လို့ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးက ပြောပါတယ်။

ကလေးမြို့၊ စမ်းမြို့ရပ်ကွက်မှာ အခုအချိန်ထိပိုးတွေ လူနာ (၂၁) ဦးနှင့် လက်ပံချောင်း‌ကျေးရွာက စမ်းမြို့ရပ်ကွက်‌မှာ လာရောက်နေထိုင်သူ တစ်ဦး စုစုပေါင်း ပိုးတွေ့လူနာ (၂၂) ဦးရှိတယ်လို့လည်း ကလေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးက ပြောပါတယ်။

အခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက ၂၂ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၉၆ ဦးရှိပြီး အဲဒီထဲက ၁၂ ဦးကတော့ ရောဂါပျောက်ကင်းသွားလို့ ဆေးရုံကနေ ဆင်းခွင့်ပြုထားပြီးလည်းဖြစ်ပါတယ်။

ပိုတေး၊ အေပီတီ

error: Content is protected !!