စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို ကိုဗစ်ကပ်ရောဂါအနေအထားကြောင့် မြန်မာအစိုးရဘက်က အောက်တိုဘာလအကုန်အထိ ဆက်လက်ပိတ်လိုက်ထားတယ်လို့ တမူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ တမူးမြို့ရှိ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်တွေကို မြန်မာနိုင်ငံအစိုးရဘက်ကနေ ဧပြီလ ၁၄ ရက်နေ့ကစတင်ကာ စက်တင်ဘာလအကုန်အထိ ပိတ်ထားခဲ့တာဖြစ်ပြီး နောက်ထပ်အနေနဲ့ အောက်တိုဘာတစ်လသက်တမ်းတိုးကာ ထပ်တိုးပိတ်လိုက်တာ ဖြစ်ပါတယ်။
“အိန္ဒိယနိုင်ငံဘက်ကလဲ နယ်စပ်ဂိတ်တွေ ဆက်လက်ပိတ်ထားတယ်။ သူတို့ဘက်က ရောဂါပိုးက မပြတ်သေးဘူး။ အမျိုးသားအဆင့်ဗဟိုကော်မတီက တရားဝင်ပိတ်လိုက်တာပါ။ မနေ့က သက်တမ်းကုန်တော့ ဒီနေ့ပဲထပ်တိုးပိတ်လိုက်တာပါ။”လို့ တမူးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးက ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွေ ပိတ်ထားတာက အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ကုန်သွယ်မှုမပြုလုပ်ရတာကြောင့် စီးပွားရေး ထိခိုက်မှုတွေ ရှိလာတယ်လို့လည်း တမူးမြို့ တမူးနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။
“ကုန်သွယ်မှုလုပ်နေတဲ့သူက ကုန်သွယ်မှုမလုပ်ရတော့ အလုပ်မရှိတော့ဘူး။ အလုပ်အကိုင်ကလဲမဖြစ်တော့ ဆုံးရှုံးတာက ကုန်စျေးနှုန်းကျလို့ ရှုံးတယ်ဗျာ။ ဒါပြီး ကုမ္ပဏီတွေမှာ ဝန်ထမ်းတွေရှိတယ်။ အဲဒီဝန်ထမ်းတွေအတွက်က လစာပေးထားရတယ်။ အစိုးရဆီမှာ ဂိုဒေါင်တွေငှားရတယ်။ အဲဒါတွေအတွက်လည်း ပေးနေရတယ်။ စရိတ်စခတွေ ရှုံးဆုံးမှုတွေရှိတယ်။ ကုန်သွယ်မှုမပြုရတဲ့အတွက် ရှေ့မှာ ရောင်းတဲ့အကြွေးတွေကလည်း ပြန်မရသေးဘူး။ ငွေဈေးတွေကလည်း ကျတယ်။ ဆုံးရှုံးနစ်နာမှုကတော့ရှိတယ်။ နယ်စပ်ကကုန်သည်တွေအနေနဲ့ ကုန်သွယ်မှုကို ဖွင့်ပေးရင်ကောင်းတယ်။ တရုတ်ဘက်မှာကျ ကုန်သွယ်မှုက ဖွင့်ထားတာ။ အိန္ဒိယနယ်စပ်ကျ ပိတ်ထားတယ်ဆိုတော့ မညီမျှဘူးလို့ခံစားရတယ်။ အိန္ဒိယနယ်စပ်မှာကျတော့ ပိတ်ထားတာ။ ကျွန်တော်တို့ကတော့ နယ်စပ်ဂိတ်တွေ ဖွင့်ပေးစေချင်တယ်။ ကျွန်တော်တို့နယ်စပ်မှာက အိန္ဒိယနယ်စပ်နဲ့ လက်လီရောင်းတဲ့သူလည်း ရှိတယ်။ ကုမ္ပဏီနဲ့ သွင်းကုန်ပို့ကုန်လုပ်တဲ့သူလည်း ရှိတယ်။ စျေးဖွင့်ဆိုင်ဖွင့် ရောင်းတဲ့သူတွေလည်း ရှိတယ်။ နယ်စပ်ဂိတ်ပိတ်ထားတော့ ထိုင်စားနိုင်တဲ့သူတွေရှိသလို တနေ့လုပ်မှ တနေ့စားရတာတွေလည်း ရှိတယ်။ အိန္ဒိယဘက်မှာကျတော့ ပစ္စည်းတွေနဲ့ သွားလာလို့ရတယ်။ လူသွားတာကိုတော့ ကြပ်ကြပ်မတ်မတ်လုပ်ထားတယ်။ အိန္ဒိယဘက်ကတော့ စားသောက်ကုန်သွားလာမှုတွေ ဖွင့်ပေးထားတယ်။ ကျွန်တော်တို့ဘက်က မနေနိုင်သူတွေကတော့ နယ်စပ်ဖြတ်သွားရောင်းကြတယ်။ အတားတီးဖမ်းဆီးရေးတွေလုပ်လည်း လွတ်တဲ့နေရာကနေ သွားရောင်းကြတယ်။”လို့ တမူးနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း အတွင်းရေးမှူး ဦးခင်မောင်တင် ကပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် တရားဝင်ကုန်သွယ်မှုအနေနဲ့ ပို့ကုန်အဖြစ် စားသောက်ကုန်၊ လူသုံးကုန်၊ မီးဖိုချောင်သုံးနှင့် စိုက်ပျိုးရေးသီးနှံပစ္စည်းတွေ၊ ပဲမျိုးစုံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကွမ်းသီးတို့ဖြစ်ကာ သွင်းကုန်အဖြစ် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ်အသုံးအဆောင်ပစ္စည်းတွေကို အဓိက ကုန်သွယ်ကြတာပါ။
တမူးမြို့မှာ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေပိတ်ထားတဲ့အတွက် နယ်စပ်ကို လူအများ ဖြတ်သန်းသွားလာခွင့်မပြုဘဲ ကုန်ပစ္စည်းခြင်းဖလှယ်တဲ့စနစ်နဲ့ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ပေးဖို့အတွက် သြဂုတ်လ ၄ ရက်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနဲ့ သွားရောက်တွေ့ဆုံကာ ဆွေးနွေးတင်ပြထားတယ်လို့လည်း တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောပါတယ်။ တမူးမြို့မှာ တရားဝင် နယ်စပ်ကုန်သွယ်ရေးပြုလုပ်တဲ့ မြန်မာ-အိန္ဒိယနယ်စပ်ဂိတ် နှစ်ခုရှိပါတယ်။
သူရိယထက်