စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မှာ COVID-19 ကာလအတွင်း ခွင့်ပြုချက်မရှိဘဲ KTV ဖွင့်လှစ်ခဲ့တဲ့ မန်နေဂျာနှင့် ဆိုင်၀န်ထမ်း ၅ ဦးအပါအဝင် စုစုပေါင်း ၆ ဦးကို စက်တင်ဘာလ ၂၁ရက်နေ့က ကောလင်းမြို့နယ်တရားရုံးကနေ ထောင်ဒဏ်တစ်ခွဲစီ အသီးသီးချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက တာ၀န်ရှိတွေ၊ ရဲတပ်ဖွဲ့၀င်တွေ၊ မီးသတ်တပ်ဖွဲ့၀င်နှင့် ရပ်ကွက်တာဝန်ရှိသူတွေက KTV ခိုးဖွင့်နေတယ်ဆိုတဲ့သတင်းအရ ရှောင်တခင် သွားရောက်စစ်ဆေးရာကနေ ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။
“ပြစ်ဒဏ်တော့ ချလိုက်ပြီ။ ကောလင်းမြို့နယ်တရားရုံးက ဆိုင်မန်နေဂျာတစ်ဦးနှင့် ၀န်ထမ်းငါးဦးကို စက်တင်ဘာလ ၂၁ ရက်နေ့ က အမိန့်ချလိုက်တာ။ တစ်နှစ်ခွဲကျော် ချလိုက်တယ်လို့ကြားတယ်။”လို့ ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးရဲမြတ်သိန်းက ပြောပါတယ်။ ကောလင်းမြို့နယ်တရားရုံးကနေ သူတို့ ခြောက်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အရ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ကိုဗစ်ကာလအတွင်း ရောဂါကူးစက်ပျံ့ပွားနိုင်ခြေရှိတဲ့ နေရာတွေကို ပိတ်သိမ်းရပ်နားထားဖို့ အစိုးရက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတာပါ။ အလားတူ မုံရွာမြို့မှာလည်း တရားမဝင်ဖွင့်လှစ်လို့ ဖမ်းဆီးထားတဲ့ KTVတွေလည်း ရှိနေပါသေးတယ်။