ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် ရောဂါပိုးတွေ့ရှိရတဲ့ ဒေသက ခရီးသည်တင် လိုင်းကားတွေကို ပြေးဆွဲခွင့် ရပ်နားထားတာတွေ ရှိနေပါတယ်။ ဒါ့ပေမယ့် မုံရွာမြို့ကနေ အခြေစိုက်ပြေးဆွဲနေတဲ့ ခရီးသည်တင်လိုင်းကားတွေကို ရပ်နားထားဖို့ ညွှန်ကြားထားတာ မရှိသေးဘူးလို့ ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (မစက) တာဝန်ရှိသူက ပြောပါတယ်။
“နေပြည်တော်အထွက်ကားတော့ မရှိဘူး။ ပစ္စည်းပို့တဲ့ ကားတော့ ရှိတယ်။ တခြားပြောင်းလဲမှုတော့ မရှိဘူး။ ရန်ကုန်လိုင်းကားတွေလည်း ဒီတိုင်းသွားတုန်းပဲ။ ရခိုင်ဖက်ကို ပြေးဆွဲနေတဲ့လိုင်းကားတွေကိုတော့ ဩဂုတ်လ ၂၁ ရက်နေ့ကတည်းက ရပ်နားထားတာ။ လောလောဆယ်ထိကတော့ ရပ်ထားဖို့ ညွှန်ကြားချက် မရောက်သေးဘူး။ မုံရွာ-မြင်းခြံကိုတော့ မြင်းခြံဖက်က ပိတ်လိုက်ပြီ။ တိုင်းအဆင့်က ညွှန်ကြားလာရင်တော့ ပိတ်ရမှာပါ။”လို့ မစက(မုံရွာ)ဉက္ကဌ ဦးရဲထွန်းအောင်က ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါက ဒုတိယလှိုင်းအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိပြန့်နှံ့လာနေပြီး ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးနှင့် တခြား တိုင်းနှင့် ပြည်နယ်တွေမှာလည်း ကူးစက်မှုတွေ ရှိနေတာပါ။ ဒုတိယလှိုင်းမှာတော့ စစ်ကိုင်းတိုင်းအတွင်း ကူးစက်မှု မတွေ့ရသေးပါဘူး။ ကိုဗစ်ဒုတိယလှိုင်းကြောင့် ရန်ကုန်-မုံရွာ-ရန်ကုန် ခရီးသည်သွားလာမှုတွေ သိသိသာသာ လျော့နည်းကျဆင်းသွားတယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်မှာတော့ မစက(မုံရွာ)အနေနဲ့ ခရီးသည်ယာဉ်လိုင်းတွေ ရပ်နားစေတာ မရှိသေးပေမယ့် ကိုဗစ်ညွှန်ကြားချက်တွေလိုက်နာစေရေး စိစစ်ကြပ်မတ်တာတွေလည်း ရှိနေပါတယ်။
မစက(မုံရွာ)မှာ မှတ်ပုံတင်ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်း ၆၁ သင်း၊ ကုန်တင်ယာဉ် ၁၆ သင်းနှင့် သုံးဘီးယာဉ် ၂ သင်းရှိပါတယ်။
လွင်မင်း (မျက်မှောက်ခေတ်)