စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ လူစည်ကားရာနေရာတွေမှာ စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက ရှေ့နေအသင်းကနေဦးဆောင်ကာ ခရီးသွားပြည်သူတွေကို Mask တွေ အခမဲ့ ပေးဝေတာတွေ ပြုလုပ်ခဲ့ပါတယ်။
“နှာခေါင်းစီး ၅၀ ခုပါ အထုတ် ၁၅၀ ကို ဒီမနက်မှာ နေရာ သုံးနေရာခွဲပြီး ပြည်သူတွေကို ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ ရုံးအားတဲ့ရက်လေးမှာ စုပေါင်းပြီး တတ်နိုင်တဲ့ဘက်က ပါဝင်လုပ်ဆောင်တာဖြစ်တယ်။” လို့ နှာခေါင်းစီးတွေ ဖြန့်ဝေပေးနေတဲ့ တရာလွှတ်တော် ရှေ့နေကြီး ဦးသော်တာဦး ကပြောပါတယ်။
Mask တွေကို လူစည်ကားရာနေရာတွဖြစ်တဲ့ မြို့တော်ခန်းမရှေ့၊ သာစည်လမ်းမီးပွိုင့်နှင့် ပေ ၈၀ လမ်းထောင့်တို့မှာ အခမဲ့ ပေးဝေခဲ့ကြတာပါ။ လတ်တလောမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုက အလျင်အမြန် ပြန့်နှံ့နေပြီး စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ရောဂါပိုးတွေ့ရှိသူ ၁၃၁၉ ဦး၊ သက်သာပျောက်ကင်းလာသူ ၃၇၁ ဦးနှင့် သေဆုံးသူ ၈ ဦးထိ ရှိနေပြီဖြစ်ပါတယ်။
အစိုးရကလည်း အပြင်ထွက်သွားလာသူတွေတိုင်း မဖြစ်မနေ Mask တွေ တပ်ဆင်ပြီးမှသာ သွားလာကြဖို့ ညွန်ကြားချက်တွေ ထုတ်ပြန်ထားသလို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေကလည်း Mask မတပ်သူတွေကို ဖမ်းဆီးအရေးယူတာတွေလည်း ရှိနေပါတယ်။
မေဇင်မြင့် (မျက်မှောက်ခေတ်)